ကျောက်မဲမှာ စစ်ဘေးဒုက္ခသည် ထောင်နဲ့ချီ ခိုလှုံ

ဓာတ်ပုံ မူပိုင် Kyaukme News Facebook
Image caption ကျောက်မဲမြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ ဒုက္ခသည် စခန်းတွေ ဖွင့်လှစ် နေရာချထား

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ မြို့နယ်မှာ PSLF/ TNLA ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဉီးနဲ့ RCSS/ SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီအကြား တိုက်ပွဲတွေ ဆက်ဖြစ်နေရာမှာ ဒေသခံတွေ အိုးအိမ် စွန့်ခွာပြီး ကျောက်မဲမြို့ထဲကို ထွက်ပြေး လာခဲ့ပါတယ်။

အခုအခါ စစ်ပြေး ဒုက္ခသည် ထောင်နဲ့ချီ ရှိနေပြီး ကျောက်မဲမြို့ပေါ်မှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ခွဲဝေ နေရာချထားပေးရာမှာ ဘုန်းကြီးကျောင်းတွေ အားလုံး ပြည့်နေပြီလို့ ဒေသခံ အရပ်ဘက် အဖွဲ့အစည်းတွေက ပြောပါတယ်။

လောလောဆယ်မှာ ထွက်ပြေးလာသူတွေကို ကျောက်မဲမြို့ အထွေထွေ အုပ်ချုပ်ရေး ဉီးစီးဌာနက တာဝန်ယူ စာရင်းကောက်ခံ နေရာချထားပေးနေပြီး အရပ်ဘက် အဖွဲ့အစည်းတွေက ကယ်ဆယ်ရေး အကူအညီတွေ ပေးနေပါတယ်။

ထွက်ပြေးလာသူတွေထဲမှာ ရှမ်း၊ ပလောင်၊ တရုတ် လူမျိုးစုံ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒုက္ခသည်တွေဟာ တိုက်ပွဲတွေကြောင့် ညဘက်မှာ အဝတ်တထည် ကိုယ်တခုနဲ့ ကိုယ်လွတ်ရုန်း ထွက်ပြေးလာခဲ့ကြရတယ်လို့ ကျောက်မဲမြို့နယ် မန့်နန်း ရှမ်းအဖွဲ့က ကိုစိုင်းထိန်ဝင်းက ပြောပြပါတယ်။

ဒုက္ခသည်တွေအတွက် အစားအသောက်၊ အဝတ်အထည် အပြင် အခုအခါ ဆောင်းတွင်း အအေးဒဏ်ကြောင့် ခြုံစောင်တွေ အဓိက လိုအပ်နေတယ်လို့ သူကပြောပါတယ်။

PSLF/ TNLA တပ်ဖွဲ့တွေက ပြည်သူတွေကို အကာအကွယ်ယူပြီး ကျေးရွာတွေထဲမှာ တပ်စွဲထားတယ်လို့ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေက ပြန်ပြောပြပါတယ်။

PSLF/ TNLA ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဉီးကတော့ သူတို့နယ်မြေမှာ RCSS/ SSA က အစိုးရတပ်တွေရဲ့ အကူအညီနဲ့ တပ်စခန်းသစ်တွေ တိုးချဲ့လာနေတယ်လို့ ပြီးခဲ့တဲ့ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ