UNFCအစည်းအဝေး ငြိမ်းချမ်းရေးကြိုးပမ်းမယ်

ဓာတ်ပုံ မူပိုင် bbc
Image caption စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ဖြစ်နေတဲ့ တိုက်ပွဲတွေကို ညှိနှိုင်း အဖြေရှာ တဲ့ ကိစ္စတွေကို ဆွေးနွေးကြမယ်

UNFC ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ အစည်းအဝေး ကို ထိုင်း နိုင်ငံ ချင်းမိုင် မြို့မှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ကနေ စတင်ပြီး ၂၀ ရက် နေ့ အထိ ကျင်းပ မှာ ဖြစ်ပါတယ်။

UNFC အစည်းအဝေးမှာ လက်ရှိ ပကတိ အခြေအနေကို သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ် တွေ ချမှတ်ဖို့၊ နောက်တက်လာတဲ့ အစိုးရသစ်နဲ့ ချဉ်းကပ်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ဖြစ်နေတဲ့ တိုက်ပွဲတွေကို ညှိနှိုင်း အဖြေရှာ တဲ့ ကိစ္စတွေကို ဆွေးနွေးကြမယ်လို့ သိရပါတယ်။

အထူးသဖြင့် လတ်တလောမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA နဲ့ တအာင်း အမျိုးသား တပ်မတော် TNLA တို့ အကြား ဝင်ရောက် ညှိနှိုင်းဖို့လည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

တိုက်ပွဲ အခြေအနေတွေ ကို ပထမ လေ့လာပြီး သင့်တော်တဲ့ နေရာမှာ နှစ်ဖက် ခေါင်းဆောင်တွေ ဆွေးနွေးရေး ညှိနှိုင်းဆောင်ရွက်ဖို့ ရှိတယ်လို့ UNFC တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ရခိုင် အမျိုးသား ကောင်စီ အထွေထွေ အတွင်း ရေးမှူး ဦးထွန်းဇော်က ဘီဘီစီကိုပြောပါတယ်။

UNFC အစည်းအဝေးကို တက်ရောက်မယ့် တအာင်း တပ်မတော် TNLA တာဝန်ရှိသူ ဥက္ကဋ္ဌ မိုင်းအိုက်ဖုန်း က ဖေဖော်ဝါရီလ ၁၆ ရက်နေ့ အထိ သူတို့ ဆီကို လေယာဉ်တွေနဲ့ လာရောက် တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

NLD အစိုးရ တက်လာခဲ့ရင်တောင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး က တပ်မတော် ရဲ့ သဘောထား အပေါ်မှာပဲ မူတည်နေတယ်လို့ စစ်တပ်ရဲ့ အခန်း ကဏ္ဍ ကို ထောက်ပြပြီး UNFC အတွင်းရေးမှူး(၁) ဦးထွန်းဇော်က သုံးသပ်ပါတယ်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ တတိယ အကြိမ် တွေ့ဆုံခဲ့ကြပြီး စစ်မှန်တဲ့ ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်မယ်လို့ ထုတ်ပြန် ခဲ့တဲ့ အတွက် တစ်နိုင်ငံလုံး အပစ်ရပ်ရေး အတွက် တိုင်းရင်းသား တပ်ဖွဲ့တွေ အကြားမှာ မျှော်လင့်ချက်တွေ ရှိနေတယ်လို့ သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ