UPDJC အစည်းအဝေး ၅ ကြိမ်တိုင်ပြီ

updjc
Image caption NCA မှာ လက်မှတ် ထိုးထားတဲ့ RCSS/SSA နဲ့ NCA ထဲ လက်ရှိ အစိုးရ က အဝင် မခံတဲ့ တအောင်းပလောင် တပ် တို့ အကြား လတ်တလော တိုက်ပွဲ တွေ ဖြစ်ပေါ် နေ။

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် သစ် တွေ ပေါ်ပေါက် လာခဲ့ ပြီးတဲ့ နောက် ကျင်းပ လာတဲ့ UPDJC လို့ ခေါ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မီတီ ရဲ့ အစည်းအဝေးကို ဖေဖေါ်ဝါရီ ၂၀ ရက် စနေနေ့ က ကျင်း ပခဲ့ တာမှာ၊ လွှတ်တော်သစ် တွေ ရဲ့ ကိုယ်စား လှယ် တွေ UPDJC မှာ စတင် ပါဝင် လာကြ ပြီ ဖြစ်ပါတယ်။

UPDJC ထဲက အစိုးရ၊ လွှတ်တော်၊ တပ်မတော် ဆိုတဲ့ အစုအဖွဲ့ ရဲ့ ကိုယ်စားလှယ် ၁၆ ဦး ထဲမှာ လွှတ်တော် အနေနဲ့ ရထားတဲ့ ကိုယ်စားလှယ် ၂ နေရာ အတွက် ပြည်သူ့လွှတ်တော် အမတ် ဦးခွန်မောင်သောင်း နဲ့ အမျိုးသား လွှတ်တော်အမတ် ဒေါ်ရှီလာနန်တောင် တို့ ပါဝင် လာတာ ဖြစ်ပါတယ်။

သူတို့ဟာ လွှတ်တော် အသီးသီး မှာ လောလောလတ်လတ် ဖွဲ့စည်း ထားကြတဲ့ တိုင်းရင်းသား ရေးရာ ကော်မတီ တွေ ရဲ့ ဥက္ကဌ အသီး သီး လည်း ဖြစ်ကြ ပါတယ်။

မကြာခင် အစိုးရ သစ် ပေါ်ပေါက် လာ တဲ့ အခါ UPDJC ကော်မတီ ရဲ့ အလားအလာ ဘယ်လို ဖြစ်လာ နိုင်သလဲ ဆိုပြီး နိုင်ငံရေး ပါတီများ အစုအဖွဲ့ရဲ့ ကိုယ်စားလှယ်လည်း ဖြစ်၊ UPDJC ရဲ့ ဒုတိယဥက္ကဌ လည်း ဖြစ်တဲ့ ဦးသုဝေ ကို ဘီဘီစီ က မေးရာမှာတော့ UPDJC ဆိုတာ အရင် လွှတ်တော် မှာကတည်း က သဘောတူ ပြဌာန်း ထားတဲ့ တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA ပါ အချက် အရ ဖွဲ့ထားတာ ဖြစ်လို့ ဆက်ရှိ နေမှာ ဖြစ်ပေမယ့်၊ ကော်မတီ ပါ အဖွဲ့ဝင် အရေအတွက် အပြောင်းအလဲ တော့ ဖြစ်လာ နိုင်တယ် လို့ ဆိုပါတယ်။

လတ်တလော ဖြစ်ပေါ် နေတဲ့ ရှမ်းပြည်နယ် ထဲက တိုက်ပွဲတွေ နဲ့ ပတ်သက်ပြီး UPDJC အနေနဲ့ ဘာတွေ လုပ်ဆောင် ထားသလဲ ဆိုတဲ့ ဘီဘီစီ ရဲ့ အမေး ကိုတော့ ဦးသုဝေ က အဲဒီ့ တိုက်ပွဲ တွေ ထဲ ပါဝင် နေတဲ့ ရှမ်းပြည် တောင်ပိုင်း တပ်မတော် RCSS/SSA ကို တိုက်ပွဲ တွေ ရပ်ဆိုင်းဖို့ မေတ္တာ ရပ်ခံ ထားတယ်လို့ ပြောပါတယ်။

NCA မှာ လက်မှတ် ထိုးထားတဲ့ RCSS/SSA နဲ့ NCA ထဲ လက်ရှိ အစိုးရ က အဝင် မခံတဲ့ တအောင်းပလောင် တပ် တို့ အကြား လတ်တလော တိုက်ပွဲ တွေ ဖြစ်ပေါ် နေတာ ပါ။

ဒီလို တိုင်းရင်းသား လူမျိုးစု နယ်မြေ တွေ မှာ တိုက်ပွဲ တွေ မငြိမ်း နိုင်သေးတဲ့ အခြေအနေ မှာ UPDJC အစည်းအဝေး ကျင်းပ လာတာ ၅ ကြိမ် မြောက် ရှိလာပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ