အစိုးရတပ် စွပ်စွဲချက်အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ တုံ့ပြန်

rcss_ssa_shan
Image caption ရှမ်းပြည်နယ်မှာ RCSS နဲ့ တအောင်းပလောင်တပ် အကြား တိုက်ပွဲ တွေ ဖြစ်နေခဲ့ ပါတယ်။

တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် NCA မှာ ပါဝင် လက်မှတ် ရေးထိုး ထားတဲ့ တိုင်းရင်း သား လက်နက်ကိုင် တပ် တချို့ဟာ NCA နဲ့ မကိုက်ညီ တဲ့ လုပ်ရပ် တွေ လုပ်ဆောင် နေကြတယ် ဆိုပြီး အစိုးရ စစ်တပ် က ပြောဆို ခဲ့မှု တွေ အပေါ် တိုင်းရင်းသား တပ်တွေ ဘက် က ပြန်လည် တုံ့ပြန် လာပါတယ်။

ရှမ်းပြည် တပ်မတော် တောင်ပိုင်း RCSS/SSA ဘက်က နယ်မြေ ကျူးကျော် မှု တွေ ပြုလုပ် ခဲ့လို့ ဒေသခံ ရွာသားတွေ ထွက်ပြေး ခဲ့ရတယ် ဆိုတဲ့ အစိုးရ စစ်တပ် ရဲ့ ပြောဆိုမှု ကို RCSS က ငြင်းဆို ပါတယ်။

လော့နော် ကျေးရွာ တိုက်ပွဲ ဟာ တအောင်း ပလောင် တပ် တွေ က သူတို့ ကို တိုက်လို့ ဝင်တိုက်ရတာ ဖြစ်တယ် လို့ RCSS အဖွဲ့က ဗိုလ်မှုးကြီး ဆိုင်းမွန်းက ဘီဘီစီ ကို ပြောပါတယ်။

ဒါ့အပြင်၊ NCA ပါအချက် ဖြစ်တဲ့ လက်နက်ကိုင်တပ် တွေ ကို တပ်နေရာချ သတ်မှတ်ရေး ဆိုတာ အခု အချိန်အထိ အတိတကျ မသတ်မှတ် ရ သေးဘူး ဆိုပြီးတော့လည်း ဗိုလ်မှုးကြီး ဆိုင်းမွန်းက ဆိုပါတယ်။

ကရင် လက်နက်ကိုင် KNU အဖွဲ့ က အရပ်သားတွေ ကို ဖမ်းဆီးတယ် ဆိုတဲ့ အစိုးရရဲ့ ပြောဆို မှု အပေါ်မှာလည်း KNU အထွေထွေ အတွင်းရေးမှုး ပဒို ကွယ်ထူးဝင်းက သစ်ခိုးခုတ်သူ တွေကို အရေးယူရတာမျိုး ရှိတယ် လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း က ပြုလုပ် ခဲ့တဲ့ ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ JMC-U အစည်းအဝေး မှာ အစိုးရ စစ်တပ် ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က RCSS နဲ့ KNU အပေါ် ဝေဖန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။