သမ္မတရာထူး ဘယ်လိုလွှဲမလဲ

U Win Htein ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတရာထူး လွှဲပြောင်းရေး ညှိနှိုင်းရဦးမယ်

သမ္မတရာထူးခန့်အပ်ပွဲကို အခြေခံဥပဒေပါပြဋ္ဌာန်းချက်နဲ့အညီ လွှတ်တော်မှာသာ ပြုလုပ်သွားဖို့ ရည်ရွယ်ထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က ပြောပါတယ်။

သမ္မတကို လွှတ်တော်က ခန့်အပ်မှာ ဖြစ်တဲ့အတွက် လွှတ်တော်မှာ သမ္မတရာထူးခန့်အပ်တဲ့ အခန်းအနားကျင်းပတာက ပိုပြီးသဘာဝ ကျတယ်လို့ ယူဆကြောင်း ဦးဝင်းထိန်ကဆိုပါတယ်။

သမ္မတရာထူးခန့်အပ်ပြီးနောက်မှ သမ္မတအိမ်တော်ကို သွားရောက်ပြီး သမ္မတဟောင်းဦးသိန်းစိန်ဆီကနေ တာဝန်လွှဲပြောင်းရယူပြီး ညစာစားပွဲကျင်းပပြုလုပ်မယ်လို့ ဆိုပါတယ်။

လက်ရှိအစိုးရဘက်ကတော့ သမ္မတအိမ်တော်က သီဟာသန ပလ္လင်ရှေ့မှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ အလေးပြု လွှဲပြောင်းဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

လွပ်လပ်ရေး ရယူစဉ်က သီဟာသန ပလ္လင်ရှေ့မှာ အာဏာလွှဲပြောင်းရယူခဲ့သလို ၊ ဖဆပလခေတ်တုန်းက အာဏာ လွှဲပြောင်း ပေးအပ်ခဲ့သလို နည်းလမ်းမျိုးနဲ့ လက်ရှိ အစိုးရဘက်က ဆောင်ရွက်လိုတာ ဖြစ်ပြီး ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ အမေရိကန် ပုံစံမျိုးနဲ့ လွှဲပြောင်းချင်တာ ဖြစ်တယ်လို့ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

နှစ်ဘက်ညှိနှိုင်းမှုတွေ ဆက်လုပ်ဖို့ လိုသေးတယ်လို့လည်း ဦးဝင်းထိန်က ပြောပါတယ်။

သောကြာနေ့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး ဦးဝင်းထိန်က ပြောဆိုခဲ့ရာမှာ ပြည်ထောင်စု အစိုးရဝန်ကြီး အရေအတွက်လျှော့ချ ဖွဲ့စည်းသွားဖို့ကိုလည်း ပြောသွားသလို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ရာထူး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်အမတ် ဖြစ်သူ ရခိုင် အမျိုးသား ဦးညီပုကို ခန့်ထားမှာ ဖြစ်တယ်လို့လည်း ထုတ်ဖော် ပြောဆိုသွားပါတယ်။