အစိုးရတပ်က လေယာဉ်နဲ့ တိုက်တယ်လို့ TNLA စွပ်စွဲ

ဓာတ်ပုံ မူပိုင် AP
Image caption ကျောက်မဲ မြို့နယ် ထဲမှာ အစိုးရ တပ်ဘက်က လေကြောင်း ကနေ တိုက်နေ တာ ဖြစ်ကြောင်း

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ အစိုးရ တပ်မတော်တို့ ရှမ်းပြည် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေရာ၊ တနင်္လာနေ့ မှာတော့ အစိုးရ ဘက်က လေယာဉ်နဲ့ တိုက်တယ် လို့ TNLA ဘက်က ပြောပါတယ်။

ကျောက်မဲ မြို့နယ် ထဲမှာ အစိုးရ တပ်ဘက်က လေကြောင်း ကနေ တိုက်နေ တာ ဖြစ်ကြောင်း TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်အိုက်ကျော် က ပြောပါတယ်။

လေယာဉ် ၂ စီး ၃ စီး လောက်တွေ့ရ ကြောင်း ကျောက်မဲ မြို့မိ မြို့ဖ တဦး ဖြစ်တဲ့ ဦးသန်းမောင် ကလည်း ဘီဘီစီကို ပြောပါတယ်။

နမ့်ဆန်၊ မန်တုံ နဲ့ ကွတ်ခိုင် မြို့နယ်တွေ ထဲမှာလည်း တိုက်ပွဲတွေ ဖြစ်ပွား နေကာ၊ အစိုးရ တပ်မတော် ဘက်က မတ်လဆန်း ပိုင်း ကတည်းက ထိုးစစ်တွေ ဆင်ပြီး တိုက်လာတဲ့ အတွက် တိုက်ပွဲတွေ ခပ်စိတ်စိတ် ဖြစ်နေ တာလို့ ဆိုပါတယ်။

ဖေဖေါ်ဝါရီလ ကုန်ပိုင်း ကတည်းက RCSS/SSA ရှမ်းတောင်တပ်နဲ့ တိုက်ပွဲ မဖြစ်တော့ဘဲ မတ်လဆန်း ကတည်းက တပ်မတော်နဲ့ နေ့စဉ် တိုက်ပွဲ ဖြစ်နေ တယ်လို့ ဗိုလ်မှူး မိုင်အိုက်ကျော်က ပြောပါတယ်။

RCSS/SSA တိုက်ပွဲ မဖြစ် တော့တာကြောင့် ကျောက်မဲမြို့ပေါ်မှာ ခိုလှုံနေတဲ့ စစ်ရှောင် ပြည်သူ ၅ ထောင် လောက်ထဲက ၂ ထောင် လောက်ပဲ ကျန်တော့ တယ်လို့ သိရ ပါတယ်။

ခုရက်ပိုင်း ရှမ်းပြည် မြောက်ပိုင်းကို အစိုးရ စစ်ကား တန်းတွေ အမြဲလို သွားနေပြီး၊ တပ်မ ၆ ခုရဲ့ တပ်ရင်း တွေက စစ် အင်အား ၄ ထောင်ကျော် ရောက်ရှိ နေတယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစု တွေက ပြောကြပါတယ်။