ကချင်ပြည်နယ် ဝန်ကြီးချုပ်သစ် ဖြစ်လာနိုင်သူ

Kachin State ဓာတ်ပုံ မူပိုင် BBC Burmese
Image caption သယံဇာတ တူးဖော်မှု အပါအဝင် ကိုင်တွယ် ဖြေရှင်းရမယ့် ကိစ္စ အများကြီးရှိနေ

သမ္မတနဲ့ ပြည်နယ်တိုင်း ဝန်ကြီးချုပ်တွေ ဘယ်သူဖြစ်လာ မလဲလို့ လူအများ သိချင်နေကြ ချိန်မှာ ကချင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် လျာထားသူလို့ သတင်းတွေ ကျယ်ကျယ် ပြန့်ပြန့် ထွက်နေသူက မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ က NLD ပါတီရဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခက်အောင် ဖြစ်ပါတယ်။

အသက် ၆၈ နှစ် အရွယ် သွားဖက်ဆိုင်ရာ ဆရာဝန် ဒေါက်တာ ခက်အောင်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ မဟာမိတ်ဖြစ်တဲ့ ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီ ပါတီက လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခက်ထိန်နန်ရဲ့ အစ်ကို ဖြစ်ပါတယ်။

ဒေါက်တာ ခက်အောင်ဟာ ရွေးကောက်ပွဲ မတိုင်ခင်ကမှ NLD ပါတီထဲ ဝင်ခဲ့တာ ဖြစ်ပြီး ပါတီဝင်ဖြစ်တာ သိပ်မကြာသေး ပေမဲ့ NLD ကို ထောက်ခံ အားပေးခဲ့သူ ဖြစ်တဲ့အပြင် ၂၀၁၂ ခုနှစ်က ဒေါ်အောင်ဆန်း စုကြည်ရဲ့ တတိယ အကြိမ် ကချင်ပြည်နယ် ခရီးစဉ်မှာ စတင် တက်တက် ကြွကြွ ပါဝင် လှုပ်ရှားခဲ့တယ်လို့ သူနဲ့ တမြို့တည်းသား မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ် အမှတ်၂ က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနေဝင်းက ပြောပါတယ်။

အဲဒီ အချိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့တယ်လို့ လည်း သူက ပြောပါတယ်။

ပါတီတွင်းမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေ သိပ်မရှိလှပေမဲ့ ဘာသာရေး လူမှုရေးပိုင်းမှာ တက်တက်ကြွကြွ လုပ်ဆောင်ခဲ့တာတွေ ရှိတယ်လို့ လည်း သူက ဆိုပါတယ်။

တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်တဲ့ ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးပြဿနာ၊ ငြိမ်းချမ်းရေး ပြဿနာနဲ့ သယံဇာတ တူးဖော်ရေး ဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်လို့ ကိုင်တွယ် ဖြေရှင်းတဲ့အခါ ဒေါက်တာ ခက်အောင် အနေနဲ့ ဘယ်လောက် လူပ်ဆောင်နိုင်မလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ သူဟာ လူတော် တစ်ယောက် ဖြစ်တဲ့ အတွက် ပါတိရဲ့ ဦးဆောင်မှု၊ မူဝါဒတွေ အတိုင်း လိုက်နာပြီး ကိုင်တွယ် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်း ဦးနေဝင်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ