ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို စစ်တပ်က ဒုသမ္မတတင်

Rangoon Division Chief Minister U Myint Swe ဓာတ်ပုံ မူပိုင် AP
Image caption ဦးမြင့်ဆွေကို ပထမအကြိမ် ဒုသမ္မတ တင်ဖို့ ကြိုးစားခဲ့တုန်းက အရည်အချင်း သတ်မှတ်ချက် မမီခဲ့ပါဘူး

လွှတ်တော် နှစ်ရပ်စလုံးမှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက အဆိုပြုတဲ့ ဒုတိယ သမ္မတ တွေကို အပြတ်အသတ် ထောက်ခံမဲပေး ရွေးချယ်လိုက်တဲ့ မတ်လ ၁၁ ရက်နေ့ မှာပဲ တပ်မတော် ဘက်က လည်း သူတို့ တင်သွင်းမယ့် ဒုတိယ သမ္မတလောင်း နာမည်ကို ထုတ်ဖော် ကြေညာလိုက် ပါတယ်။

ရန်ကုန်တိုင်းအတွင်း စီမံကိန်းတွေ ချပေးမှုနဲ့ ပတ်သက်လို့ ဝေဖန် ခံနေရတဲ့ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီးဖြစ်သူ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကို တပ်ဖက်က ရွေးလိုက်တာဖြစ်ပါတယ်။

ဦးမြင့်ဆွေဟာ စစ်တက္ကသိုလ် အပတ်စဉ် ၁၅ ဆင်း ဖြစ်ပြီး တပ်မ ၁၁ တပ်မမှူး၊ အရှေ့တောင်တိုင်းနဲ့ ရန်ကုန်တိုင်း စစ်တိုင်းမှူး၊ စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် စတဲ့ တာဝန်တွေ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် မတက်ဘဲ ဗိုလ်ချုပ်ဖြစ်လာခဲ့သူ ဖြစ်တဲ့အပြင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ရင်းနှီး သူလို့လည်း ဆိုကြပါတယ်။

ဒါ့အပြင် လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထက် စီနီယာကျသူ တစ်ဦးဖြစ်ပြီး သူတို့ နှစ်ဦးရဲ့သား သမီးတွေ ကလည်း ရင်းနှီးကြပါတယ်။

တပ်မတော်က ရွေးချယ်ခဲ့တဲ့ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး အနားယူသွားတဲ့ ၂၀၁၂ တုန်းက တပ်မတော်က ဦးမြင့်ဆွေကိုဒုတိယ သမ္မတအဖြစ် တင်မြှောက်ဖို့ ကြိုးစားခဲ့ရာမှာ ဦးမြင့်ဆွေရဲ့ သားမက်ဖြစ်သူက သြစတေးလျ နိုင်ငံသား ဖြစ်နေတဲ့အတွက် ပုဒ်မ ၅၉ ( စ ) အရ ဒုတိယ သမ္မတ မဖြစ်ခဲ့ပါဘူး။

ဒါပေမဲ့ မကြာသေးခင် လပိုင်းကပဲ သူသားမက်က မြန်မာနိုင်ငံသား ပြန်လည်ခံယူလိုက်တဲ့ အတွက် ပုဒ်မ ၅၉ ( စ )လုံးကို ကျော်ဖြတ် နိုင်ခဲ့ပါတယ်။

အရင် စစ်အစိုးရ လက်ထက် ကတည်းက ပုဂ္ဂိုလ်ကို ဒုတိယသမ္မတ အဖြစ် တပ်မတော်က ရွေးချယ်တင်မြှောက်တာဟာ အရင်အစိုးရရဲ့ အမွေဟောင်းတွေကို ဆက်လက် ဆက်ခံတာ ဖြစ်ပြီး သူ့ကို ရွေးဖို့ တပ်ဖက်ကို နောက်ကွယ်က ဖိအားတွေပေးနေတာလားဆိုတာစဉ်းစားစရာ ဖြစ်နေတယ်လို့ တကောင်းနိုင်ငံရေး လေ့လာရေး အဖွဲ့က ဦးရဲမျိုးဟိန်းက ပြောပါတယ်။

အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးသိန်းစိန် သမ္မတ လက်ထက်မှာ ဒုတိယ သမ္မတွေရဲ့အခန်းကဏ္ဍာ သိပ်အရေးမပါလှ ပေမဲ့ လက်ရှိ မဲရလဒ် အနေအထား အရ တပ်မတော်က တင်တဲ့သူ ဒုတိယ သမ္မတ ဖြစ်လာရင်တော့ ပွဲတက် သမ္မတ အဖြစ်သာ ရှိခဲ့ကြတဲ့ ဒုတိယ သမ္မတတွေ နိုင်ငံရေးမှာ ပိုမိုပါဝင် ပတ်သက်လာမလား ဆိုတာ စိတ်ဝင်တစား စောင့်ကြည့် နေသူတွေလည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ