ဒုတိယ သမ္မတတွေ အသီးသီး ရွေးချယ်ခဲ့

Image caption မတ်လ ၁၅ နေ့ ပြည်ထောင်စုလွှတ်တော် ကျင်းပတဲ့အခါ ဒုတိယသမ္မတလောင်း သုံးဦးထဲက တစ်ဦးကို သမ္မတအဖြစ် မဲပေးရွေးမယ်

မတ်လ ၁၁ ရက်နေ့က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အသီးသီးမှာ ဒုတိယ သမ္မတလောင်း ရွေးချယ်ဖို့အတွက် မဲခွဲ ဆုံးဖြတ်ခဲ့ရာမှာ NLD ပါတီက အဆိုပြုထားသူတွေ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ကြပါတယ်။

လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ကွာခြားလွန်းတာမို့ ကြိုတင် တွက်ဆ ထားတဲ့ အတိုင်း NLD ဘက်က အဆိုပြုတင်ပြတဲ့ ဒုတိယသမ္မတလောင်းတွေဘဲအနိုင်ရရှိခဲ့ပါတယ်။

မဲပေးကြရေတွက်ကြတဲ့ အခါမှာ ဒုတိယ သမ္မတ အဖြစ် NLD ပါတီ က တင်သွင်း တဲ့ ဦးထင်ကျော်ကို မဲရလဒ် ၂၇၄ မဲ နဲ့ ဒုတိယ သမ္မတ အဖြစ် ရွေးချယ် ခဲ့ကြပါတယ်။

ပြည်သူ့ လွှတ်တော် မှာ NLD ပါတီ က လွှတ်တော် ကိုယ်စားလှယ် ၂၅၅ ယောက် ရှိပါတယ်။

အလားတူပဲ အမျိုးသား လွှတ်တော် အစည်း အဝေးမှာ လည်း NLD ပါတီက လွှတ်တော် ကိုယ်စားလှယ် ဦးဟင်နရီ ဗန်ထီးယူ ကို မဲ ရလဒ် ၂၄၆ မဲ နဲ့ ဒုတိယ သမ္မတ အဖြစ် အတည်ပြု ရွေးချယ် ခဲ့ပါတယ်။

အမျိုးသား လွှတ်တော်မှာ NLD ပါတီက လွှတ်တော် ကိုယ်စားလှယ် ၁၃၅ ယောက် ရှိတာ ဖြစ်ပါတယ်။

တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က ဒုတိယ သမ္မတ အဖြစ် ရန်ကုန် တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ ကို ရွေးချယ် ခဲ့ပါတယ်။

မတ်လ ၁၅ ရက်နေ့မှာ အဆိုပါ ဒုတိယ သမ္မတ သုံးဦး အနက်မှ တစ်ဦး ကို သမ္မတ အဖြစ် ပြည်ထောင်စု လွှတ်တော်မှာ မဲပေး ရွေးချယ် ကြမှာ ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ဦးအေးသာအောင် က ဘီဘီစီကို ပြောပါတယ်။

အခုအတိုင်းဆိုရင် ဦးထင်ကျော်ဟာ သမ္မတသစ်ဖြစ်လာဖို့သေချာသလောက်ဖြစ်သွားပါပြီ။

တပ်မတော်ဘက်ကလည်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို ဒုတိယသမ္မတ အဖြစ် အမည် စာရင်း တင်သွင်း ခဲ့ပါတယ်။

မတ်လ ၁၅ နေ့ ပြည်ထောင်စု လွှတ်တော် ကျင်းပတဲ့အခါ ဒုတိယ သမ္မတလောင်း သုံးဦးထဲက တစ်ဦးကို သမ္မတအဖြစ် မဲပေး ရွေးချယ်ကြတော့မှာပါ။

အခုအချိန်မှာ ကြီးမားတဲ့မေးခွန်းတခုက NLD အစိုးရ နဲ့တပ်မတော် ဘယ်လောက် အတိုင်းအတာအထိ ပူးပေါင်း ဆောင်ရွက်နိုင်မလဲ ဆိုတဲ့အချက်ပါ။

NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က စိုးရိမ်စရာ မရှိဘူးလို့ ပြောပါတယ်။

မစိုးရိမ်တဲ့ ပုံစံမျိုး ပြောနေပေမယ့် တကယ့်လက်တွေ့မှာ NLD နဲ့ တပ်မတော်ကြား ပြေလည်မှု သိပ်မရှိလှဘူးလို့ နှစ်ဘက်စလုံးနဲ့ နီးစပ်တဲ့သူတွေက ဘီဘီစီကို ပြောပါတယ်။

ခုချိန်မှာတော့ မြန်မာ့နိုင်ငံရေး အကောင်းအဆိုးဟာ NLD အစိုးရနဲ့ တပ်မတော် အပြန်အလှန် ညှိနှိုင်းဆောင်ရွက်မှုနဲ့ ရှေ့ကို ဆက်သွားနိုင်မလား၊ ပွတ်တိုက်မှုတွေပဲ ဖြစ်လာမလား ဆိုတဲ့အပေါ် မူတည်နေကြောင်း လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ