ရခိုင်အမျိုးသား ပါတီ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးခေါ်

Image caption ANP ပါတီအနေနဲ့ ပြည်နယ် အစိုးရကို ဉီးဆောင်ဖွဲ့ခွင့် မရရင် အတိုက်အခံအဖြစ် ရပ်တည်သွားမယ်လို့ ကြေညာထား

ပါတီတွင်း ပြဿနာတွေ ပေါ်နေတဲ့ ANP ရခိုင်အမျိုးသား ပါတီရဲ့ ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးကို ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ပန်းနီလာ ကျေးရွာမှာ မတ်လ ၁၂ရက်နေ့က ကျင်းပခဲ့ပါတယ်။

ဒီအစည်းအဝေးကို ဗဟိုကော်မတီဝင် ၅၀ကျော် တက်ရောက်ခဲ့ကြပါတယ်။

ANP ပါတီက ထုတ်ပြန်တဲ့ ကြေညာချက် နှစ်ခုကို မတ်လ ၆ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ကန့်ကွက်ခဲ့ကြတဲ့ ကိုမျိုးကျော် အပါအဝင် ဗဟိုကော်မတီ ခေါင်းဆောင် (၆) ဦးကို အရေးယူရေး မယူရေး ကိစ္စနဲ့ ပတ်သက်လို့ ဒီအစည်းအဝေးမှာ အဓိက အလေးထား ဆွေးနွေးခဲ့ကြပါတယ်။

ဆုံးဖြတ်ချက်ကိုတော့ နောက်တနေ့ မတ်လ ၁၃ရက်နေ့မှာ ချမှတ်မယ်လို့ ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် တစ်ဦးဖြစ်တဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

ရခိုင် အမျိုးသား ပါတီANP ဟာ ဉီးအေးသာအောင် ဉီးဆောင်တဲ့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ALD နဲ့ ဒေါက်တာ အေးမောင် ဉီးဆောင်တဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP တို့ ပေါင်းစည်း ထားတဲ့ ပါတီ ဖြစ်ပြီး ပါတီ ပေါင်းစည်းပြီး သိပ်မကြာခင်မှာပဲ အဆင်မပြေမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ရွေးကောက်ပွဲ အပြီး ANP ပါတီက ထုတ်ပြန်တဲ့ ၁/ ၂၀၁၆ နဲ့ ၂/ ၂၀၁၆ ကြေညာချက် နှစ်ခုနဲ့ ပတ်သက်လို့ ALD ဘက်က သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ကန့်ကွက်လာတဲ့ အတွက် ပါတီတွင်း အကွဲအပြဲကို လူသိရှင်ကြား ဖြစ်လာစေခဲ့ပါတယ်။

ANP ပါတီက ထုတ်ပြန်တဲ့ ၁/၂၀၁၆ ကြေညာချက်မှာ ရခိုင်ပြည်နယ်မှာ အများဆုံး အနိုင်ရထားတဲ့ ANP ပါတီ အနေနဲ့ ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရကို ဦးဆောင် ဖွဲ့ခွင့် မရရင် အတိုက်အခံအဖြစ် ရပ်တည်သွားမယ်လို့ ဖေါ်ပြထားပြီး ၂/ ၂၀၁၆ ကြေညာချက်မှာတော့ ပထမ ကြေညာချက်ကို ထပ်လောင်း ထောက်ခံထားပြီး ညီညွတ်သော တိုင်းရင်းမဟာမိတ်အဖွဲ့ချုပ် UNA ကနေ နှုတ်ထွက်လိုက်ကြောင်း ဖေါ်ပြထားပါတယ်။

ဒီကြေညာချက် နှစ်ခုစလုံးကို ALD ဘက်က ခေါင်းဆောင်တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပြီး ဒီကြေညာချက်တွေဟာ သူတို့ရဲ့ သဘောထား မပါတဲ့ အတွက် တရားမဝင်ဘူးလို့ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ကြေညာခဲ့ပါတယ်။

အဲဒီနောက် ALD ဘက်က ခေါင်းဆောင် ၆ ဦးကို စည်းကမ်း ဖောက်ဖျက်တယ်ဆိုပြီး ANP ဗဟိုခေါင်းဆောင်တွေက အရေးယူဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။

ALD ဘက်က ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးမျိုးကျော်ကတော့ ပါတီတခုမှာ ဒီမိုကရေစီနည်းအရ အများသဘောကို လိုက်နာရမယ်ဆိုတာကို နားလည်ကြောင်း၊ ဒါပေမယ့်လည်း အခု ဖြစ်နေတဲ့ ပြဿနာက ANP ပါတီထဲက ALD ပါတီဝင်တွေကို ရှင်းထုတ်ပစ်မယ်ဆိုတဲ့ အတွေးအခေါ် အယူအဆတွေကြောင့် ဖြစ်နေတာလို့ ဘီဘီစီကို ပြောပါတယ်။

အခုလို မြန်မာနိုင်ရဲ့ သမိုင်းဝင် အပြောင်းအလဲ ကာလကြီးမှာ ANP ပါတီတွင်းမှာ ခုလို ပြဿနာ မျိုးစုံ ပေါ်ပေါက်နေတဲ့ အတွက် ပါတီကို ထောက်ခံမဲ ပေးခဲ့ကြသူ ရခိုင်ပြည်သူတွေကတော့ အကြီးအကျယ် စိတ်ပျက် နေကြတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ