အစိုးရသစ် ဝန်ကြီးတွေကို လွှဲပြောင်းဖို့ အတွင်းဝန်တွေ ပြင်နေ

Letpadaung
Image caption လက်ပံတောင်းတောင် စီမံကိန်းကို ဒေသခံတွေ ကန့်ကွက်မှု ရှိနေဆဲ

လာမယ့် အစိုးရသစ် ဝန်ကြီးတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနက အမြဲတန်းအတွင်းဝန် တွေက ဝန်ကြီးဌာနနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောပြဖို့ ပြင်ဆင်နေကြပါတယ်။

အဓိက အားဖြင့် ဝန်ထမ်း ရေးရာ၊ ဝန်ကြီးဌာန တွေရဲ့ ပိုင်ဆိုင်မှု၊ မြေနဲ့ အဆောက်အဦးတွေ၊ လက်ရှိ ဆောင်ရွက်နေတဲ့ စီမံကိန်းကြီးတွေနဲ့ လုပ်ဆောင်ပြီး စီမံကိန်းတွေ အကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာန အလိုက် ရှင်းပြမှာ ဖြစ်တယ်လို့ လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ တင်ထွဋ်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ဝန်ထမ်း ဦးရေ၊ ဖွဲ့စည်းပုံ၊ ဘတ်ဂျက် ငွေကြေး သုံးစွဲမှု၊ ချေးငွေ၊ ထောက်ပံ့ငွေ ကိစ္စတွေ အကြောင်း တွေကို စာမျက်နှာ ၂၅၀ ပါတဲ့ စာအုပ်မှာ အကျဉ်းချုပ် ရေးထားတယ်လို့ သူက ပြောပါတယ်။

လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန အနေနဲ့ ဌာန ၇ ခုမှာ ရှိတဲ့ ညွှန်ကြားရေးမှူးချုပ်တွေက သက်ဆိုင်ရာ ဌာန အသီးသီး အလိုက် တာဝန်ခံပြီး စနစ်တကျ ဆက်လက် လွှဲပြောင်း ပေးဖို့ အဆင်သင့် ဖြစ်နေပြီလို့ ဒေါက်တာ တင်ထွဋ်က ပြောပါတယ်။

သူတို့ ဝန်ကြီးဌာန အနေနဲ့ ချေးငွေတွေ ထုတ်ချေးထားတဲ့ ပမာဏနဲ့ ပြန်လည် ရရှိမှု အပိုင်းမှာ အကြွေးနဲ့ ဆုံးရှုံးမှု ပိုင်းမှာ ၉၀ ရာခိုင်နှုန်းလောက်က ရည်မှန်းချက်တွေ ပြည့်မီပြီး အကြွေး မကျန်ဘူးလို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ် ကာလ သက်တမ်း အတွင်းမှာ အစိုးရဲ့ လုပ်ဆောင်မှုတွေကို ပြည်သူတွေ သိလိမ့်မယ် ထင်ပေမဲ့ အများစုက မသိခဲ့တဲ့ အတွက် ပြည်သူ လူထု သိအောင် လုပ်ဆောင်တဲ့ အပိုင်းမှာ အဓိက အခက် အခဲ ဖြစ်ခဲ့တယ်လို့ ဒေါက်တာ တင်ထွဋ်က ပြောပါတယ်။

လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ အရေးတကြီး လုပ်ဆောင်ရမယ့် အပိုင်းတွေ ရှိနေပြီး တိုးမြှင့်ဆောင်ရွက်ဖို့နဲ့ ချဲ့ထွင် လုပ်ဆောင်ဖို့တွေ လိုအပ် နေတယ်လို့ သူက ပြောပါတယ်။

လယ်သမားတွေ အတွက် နည်းပညာ၊ ရင်းနှီး မြှုပ်နှံမှုနဲ့ စျေးကွက် တို့ အမှန်တကယ်လိုအပ်နေပြီး ပညာပေး ဌာနကို တောင့်တင်းအောင်လုပ်ဆောင်ဖို့လည်း လိုအပ်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ