ဝန်ကြီး ၃နေရာ အတွက် ဒုဗိုလ်ချုပ်ကြီးတွေကို ကာချုပ် အဆိုပြုမယ်

_min_aung_hlaing ဓာတ်ပုံ မူပိုင် Reuters
Image caption ကက်ဘိနက် အဖွဲ့ဝင် ဝန်ကြီး ၃ ဦး ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သမ္မတ ကို အကြံပြုဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အရ သတ်မှတ် ထား။

သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရ အဖွဲ့ ထဲ ခန့်အပ် ထားရှိဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က တိုက်ရိုက် အဆိုပြုရမယ့် ဝန်ကြီး ၃ နေရာ အတွက် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် က ဒုတိယ ဗိုလ်ချုပ်ကြီး ၃ ဦးကို ရွေးချယ် ထားတယ် ဆိုတာ ကို တပ်မတော် ထိပ်တန်း ခေါင်းဆောင် အသိုင်းအဝိုင်း က လာတဲ့ သတင်းတွေ အရ ဘီဘီစီ သိခဲ့ရပါတယ်။

ကာကွယ်ရေး ဝန်ကြီး အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ပြည်ထဲရေး ဝန်ကြီး အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ နဲ့ နယ်စပ်ရေးရာ ဝန်ကြီး အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် တို့ကို ကာကွယ်ရေး ဦးစီးချုပ် က အဆိုပြုဖို့ရာ ရှိနေတယ် ဆိုပြီး ဘီဘီစီ သတင်းထောက် က ပြောပါ တယ်။

အခုလို လုံခြုံရေး နဲ့ သက်ဆိုင်ပြီး အရေးပါတဲ့ ဝန်ကြီး ဌာန ၃ ခု အတွက် ကက်ဘိနက် အဖွဲ့ဝင် ဝန်ကြီး ၃ ဦး ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သမ္မတ ကို အကြံပြုဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အရ သတ်မှတ် ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် ထဲ ကပဲ သမ္မတ ဦးထင်ကျော် က သူ့ အစိုးရ အဖွဲ့မှာ ဝန်ကြီး ဌာန ၂၁ ခုထားရှိ ပြီး သူ့ အနေနဲ့ ဝန်ကြီး ၁၈ ဦးကို လျာထား ခန့်အပ် မယ် ဆိုပြီး ပြည်ထောင်စု လွှတ်တော် ထံ တင်သွင်း ခဲ့ပြီး ဖြစ်ပါတယ်။

ဦးထင်ကျော် ခန့်အပ်မယ့် ဝန်ကြီး တွေရဲ့ နာမည် စာရင်းလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အတွင်းမှာ အတည်ပြု နှင့်ပြီး ဖြစ်တယ် လို့ NLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာ ဇော်မြင့်မောင် က ဘီဘီစီကို ပြောထားတဲ့ အတွက် မကြာခင် တရာဝင် ထွက်ပေါ် လာဖို့ မျှော်လင့်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခန်း ကဏ္ဍ နဲ့ ပတ်သက်လို့ ဒေါက်တာ ဇော်မြင့်မောင် က ဒေါ်အောင်ဆန်း စုကြည် ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ကို ဆက်လက် ဦးဆောင် မှာ ဖြစ်ပြီး၊ ဘယ်အပိုင်း ကနေပဲ တာဝန် ယူယူ အစိုးရ အပေါ်မှာ ဩဇာ ရှိနေမှာ ဖြစ်တယ်လို့ လောလောလတ်လတ်မှာပဲ ဘီဘီစီ ကို ဒေါက်တာ ဇော်မြင့်မောင် က ပြောထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ