ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ခန့်အပ်မှု ကန့်ကွက်မှုရှိခဲ့

Image caption ဦးညီပုကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် အတည်ပြုလိုက်

ပြည်နယ် ဝန်ကြီးချုပ် ခန့်အပ်ရေးနဲ့ ပြသနာတွေ ပေါ်ပေါက်နေတဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ NLD ဂွမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးညီပုကို ကန့်ကွက်မှု တစ်ခု ရှိခဲ့ပေမယ့်လည်း အတည်ပြုခန့်အပ် လိုက်ပါတယ်။

မတ်လ ၃၀ ရက်မှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ ဦးညီပုကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က နိုင်ငံတော် သမ္မတ ဦးထင်ကျော်ဟာ မတ်လ ၂၇ ရက်နေ့က ကျမ်းသစ္စာ မကျိန်ဆိုရသေးတဲ့ အတွက် သမ္မတ မဖြစ်သေးတာကြောင့် ရခိုင် ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ဦးညီပုကို အဆိုပြု တင်သွင်း တာဟာ ဖွဲ့စည်းပုံ ဥပဒေကို ကျော်လွန်ပြီး လုပ်တယ်ဆိုပြီး ကန့်ကွက်ခဲ့တာမှ အပ နောက်ထပ် ကန့်ကွက်မှု တွေ မရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ကတော့ ကန့်ကွက်မှုဟာ ဦးညီပုနဲ့ မသက်ဆိုင်သလို ဖွဲ့စည်းပုံနဲ့ လဲ မကိုက်ညီဘူးဆိုပြီး ပယ်ချကာ ဦးညီပုကို ပြည်နယ် ဝန်ကြီးချုပ် အဖြစ် အတည်ပြု ပေးလိုက်တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော်မှာ ဦးညီပုကို ဝန်ကြီးချုပ် ခန့်အပ်တဲ့အတွက် နောက်ထပ် ပြသနာ တစ်စုံတစ်ရာများ ပေါ်ပေါက်လာမလားလို့ အများပြည်သူတွေက တွေးထင်ထားခဲ့ကြပေမယ့် မနေ့ကတော့ ဝန်ကြီးချုပ်တင်မြောက်ပွဲဟာ အေးဆေးစွာနဲ့ပြီးဆုံးသွားခဲ့ပါတယ်။

ANP နဲ့ NLD အကြားမှာ အပေးအယူ တစ်စုံတရာ မရှိတဲ့ အကြောင်းနဲ့ ဘာမှ ဆွေးနွေးထားတာလည်း မရှိဘူးလို့ မြေပုံမြို့နယ် ပြည်နယ် လွှတ်တော် ဦးအောင်ဝင်း ပြောပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော်မှာ ရောက်ရှိနေတဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပြသနာတွေအပေါ်မှာ ဘာမှ အငြိုးအတေး ထားစရာမရှိတဲ့ အပြင် ရှေ့မှာ ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ ရည်မှန်းထားတယ်လို့ NLD ဗဟိုကော်မတီဝင် တောင်ကုတ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က ပြောပါတယ်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို လွှတ်တော်ကနေ ပြည်နယ် ဝန်ကြီးချုပ် အဖြစ် အတည်ပြုလိုက်ပြီမို့ များမကြာမီ ဖြစ်ပေါ်လာမယ့် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထဲမှာ ANP ပါတီက အမတ်တွေ ဝန်ကြီးတွေ နေရာမှာ ပါလာမလား၊ မပါဘူးလားဆိုတာကလည်း အထူးစိတ်ဝင်တစားနဲ့ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ