နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဥပဒေကြမ်း အတည်ပြု

NLD leaders ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတရဲ့ အတိုင်ပင်ခံသာ ဖြစ်သင့်လို့ တပ်ကိုယ်စားလှယ် တွေဆို

ဒေါ်အောင်ဆန်း စုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ်ခန့်အပ်ရေး ဥပဒေကြမ်းကို ဧပြီလ ၅ ရက်နေ့က ပြည်သူ့ လွှတ်တော်မှာ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တွေ ဘက်က သူတို့ တင်ပြတဲ့ အချက်တွေကို ပြင်ဆင်ဖို့ မစဉ်းစားဘဲ မဲခွဲ ဆုံးဖြတ်ရင် ကန့်ကွက်တဲ့ အနေနဲ့ မဲမပေးဘဲ နေမယ်လို့ ပြောထားတဲ့ အတိုင်း ကိုယ်စားလှယ်အားလုံး မဲမပေးဘဲ နေခဲ့ကြပါတယ်။

ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြသူတွေက တပ်မတော်သား ကိုယ်စားလှယ် တွေ ဖြစ်ကြတဲ့ ဗိုလ်မှူးချုပ် မောင်မောင်၊ ဗိုလ်မှူးကြီး အောင်သီဟ၊ ဗိုလ်မှူးကြီး ထွန်းမြတ်ရွှေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း တို့ ဖြစ်ပါတယ်။

ဒီဥပဒေနဲ့ ပတ်သက်လို့ ပညာရှင်တွေရဲ့ အကြံပြုချက်တွေကို တောင်းခံခြင်း မရှိတာ၊ အချိန်ယူ စိစစ်ခြင်း မရှိတာတွေကို တပ်မတော်သားတွေ ဘက်က ထောက်ပြခဲ့ကြတာ ဖြစ်တယ်လို့ ကိုယ်တိုင် ပါဝင် ဆွေးနွေး ခဲ့သူ တစ်ယောက် ဖြစ်တဲ့ ဦးသိန်းထွန်းက ပြောပါတယ်။

ဖက်ဒရယ် ဆိုတာက လောလောဆယ် ဖွဲ့စည်းပုံမှာလည်း မပါသေးတဲ့ အတွက် မထည့်ဖို့၊ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး ရောယှက် နေတာတွေနဲ့ ပတ်သက်လို့ တပ်မတော် သား ကိုယ်စားလှယ်တွေ ဘက်က တင်ပြ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဥပမာအားဖြင့် ပြည်ထောင်စု အဆင့်ဝန်ကြီးဖြစ်သွားသူက ပါတီလုပ်ငန်းတွေ ဆောင်ရွက်ခွင့် မရှိရဘဲ လွှတ်တော်ကနေ ထွက်ပြီး ဖြစ်ရမယ်၊ ဒါပေမဲ့ အဲဒီ ပုဂ္ဂိုလ်က လွှတ်တော်ကို တာဝန်ခံရမယ် ဆိုတာ အုပ်ချုပ်ရေးနဲ့ ဥပဒေ ပြုရေး အဖွဲ့တို့ ရောယှက်တာ ဖြစ်ပြီး အပြန်အလှန် ထိန်းကျောင်းရမယ် ဆိုတာကို ဆန့်ကျင်တာလို့ တပ်မတော်သား ကိုယ်စားလှယ်တွေ ဘက်က ပြောဆိုကြောင်း ဦးသိန်းထွန်းက ပြောပါတယ်။

ဒါ့အပြင် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုတာဟာ သမ္မတရဲ့ အတိုင်ပင်ခံသာ ဖြစ်သင့်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုတာကိုလည်း ထောက်ပြ ကြတယ်လို့ သူက ပြောပါတယ်။

ဒီဥပဒေကို လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုပြီး ဖြစ်တဲ့ အတွက် ပြည်ထောင်စု လွှတ်တော်မှာ ဆုံးဖြတ်ဖို့ မလိုတော့ဘဲ သမ္မတ လက်မှတ် ရေးထိုးပြီးရင် အတည်ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ