တပ်ဖက် အရပ်ဖက် ဆက်ဆံရေး တံတိုင်း ခြားနေသလား

Formation Minister U Aung Kyi ဓာတ်ပုံ မူပိုင် AFP
Image caption လောလောဆယ် တပ်နဲ့ အရပ်ဖက် ဆက်ဆံရေး သာမန် အနေအထားလို့ဆို

သမ္မတ ဦးထင်ကျော်က တပ်ဖက်နဲ့ အရပ်ဖက်ကြား မဟာတံတိုင်းကြီး တခုခြားနေ သလို မဖြစ်စေချင်ဘူးလို့ မနေ့က သမ္မတ အိမ်တော်မှာ ကျင်းပတဲ့ သင်္ကြန်ပွဲ မှာ ပြောခဲ့ ပါတယ်။

တပ်ဖက်ကလည်း အလားတူ သဘောထားမျိုး ရှိတယ်လို့ ယူဆကြောင်းနဲ့ သူ့ဖက် ကိုယ့်ဖက် ဆိုပြီး သဘောမထားဘဲ နိုင်ငံအကျိုးအတွက် ပူးပေါင်း ဆောင်ရွက်ကြဖို့ အချိန်ရောက်နေပြီလို့ အစိုးရ အဖွဲ့မှာ ပြန်ကြားရေး ဝန်ကြီးတာဝန် ယူခဲ့ဖူးသူ အငြိမ်းစား ဗိုလ်ချုပ် အောင်ကြည်က ပြောပါတယ်။

လောလောဆယ် အခြေအနေဟာ အလွန်ထူးခြားတဲ့ ပြောင်းလဲမှု ခရီးစဉ်ရဲ့ အစ ဖြစ်နေတဲ့ အတွက် တပ်နဲ့ အရပ်ဖက် ဆက်ဆံရေးဘယ်လို ရှိတယ် ဆိုတာ သဲသဲကွဲကွဲ မသိနိုင် သေးကြောင်းလည်း သူက ပြောပါတယ်။

သမ္မတဖက်က နှစ်သစ်ကူး ကာလ အခုလို အချိန်မှာ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းတဲ့ သဘောလို့လည်း ယူဆလို့ ရနိုင်ကြောင်း အငြိမ်းစား ဗိုလ်ချုပ် အောင်ကြည်က ပြောပါတယ်။

တပ်ဖက်ကလည်း ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ချက် ရှိတယ် ဆိုတာ နဂို ကတည်းက ပြောထားပြီး ဖြစ်လို့ လက်မခံနိုင် စရာ မရှိဘူးလို့လည်း ဆိုပါတယ်။

တပ်နဲ့ အရပ်ဖက် ဆက်ဆံရေးက လက်ရှိမှာ သာမန် အနေအထားမျိုး ရှိပြီး အပေးအယူ အလျှော့အတင်း အတွက် စဉ်းစားစရာတွေ ရှိကောင်း ရှိနိုင်တယ်လို့ လည်း သူက သုံးသပ်ပါတယ်။

အခုအချိန်မှာတော့ အဲဒါတွေက ဘာတွေ ဖြစ်နိုင်တယ် ဆိုတာ ပြောဖို့ စောနေသေးကြောင်းနဲ့ အချိန် အတိုင်းအတာ တစ်ခုထိ စောင့်ဖို့ လိုနေသေးတယ်လို့ အငြိမ်းစား ဗိုလ်ချုပ် အောင်ကြည်က ပြောပါတယ်။

တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် အပေးအယူ ဘယ်လို လုပ်ပေးနိုင်မယ် ဆိုတာနဲ့ တစ်ယောက် အကျိုးစီးပွားကို တစ်ယောက်က မထိခိုက်စေဘဲ နှစ်ဦးနှစ်ဖက် အတွက် ကောင်းမွန်ပြီး လူထုနဲ့ တိုင်းပြည် အတွက် အကျိုးရှိအောင် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေက အများကြီး ကျန်သေးတယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ