နှစ်ဆန်း၁ရက်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာ

ဓာတ်ပုံ မူပိုင် AFP
Image caption ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄ က နဲ့ သမ္မတ အာဏာ ကို အသုံးပြု ပြီး လွတ်ငြိမ်းချမ်းသာ ခွင့် ပေးခဲ့

ဒီကနေ့ ဧပြီလ ၁၇ ရက် မြန်မာ့ နှစ်ဆန်း ၁ ရက်နေ့မှာ အကျဉ်းထောင် အသီးသီးက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရတဲ့ နိုင်ငံရေး အကျဉ်းသား ၈၃ ယောက်ကို သမ္မတ ဦးထင်ကျော် အမိန့်နဲ့ လွတ်ငြိမ်း ချမ်းသာ ခွင့် ပေးခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄ က နဲ့ သမ္မတ အာဏာ ကို အသုံးပြု ပြီး လွတ်ငြိမ်းချမ်းသာ ခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

အင်းစိန် အကျဉ်းထောင် မှာ ဖမ်းဆီး ခံထားရတဲ့ ကိုနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ပခုက္ကူ အကျဉ်းထောင်မှာ အကျဉ်းကျခံ နေရတဲ့ ယူနတီ ဂျာနယ် က သတင်းသမား ၅ ယောက်၊ ကျောင်းသားအရေး လှုပ်ရှားသူ၊ လယ်သမား အရေး လှုပ်ရှားသူများလည်း လွတ်မြောက် ခဲ့ကြပါတယ်။

နှစ်သစ်မှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေး တဲ့ သတင်းက မင်္ဂလာ ရှိတဲ့ သတင်း ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသား တွေက တကယ့်ကို တက်ကြွ လှုပ်ရှားသူများ ဖြစ်ကြောင်းလည်း သူက ဆက်ပြောပါတယ်။

ပုဒ်မ (၁၈)၊ ပုဒ်မ (၅၀၅/ခ) တွေနဲ့ အထိန်းသိမ်း ခံရသူ အများစု လွတ်မြောက်လာကြတာလည်း ဖြစ်ပါတယ်။

အကျဉ်းထောင် ထဲမှာ နိုင်ငံရေး အကျဉ်းသား ၆၀ လောက် ကျန် ဦးမယ်လို့ ပြောပါတယ်။ အထူးသဖြင့် ရခိုင် တပ်မတော် နဲ့ ဆက်သွယ်တယ် ဆိုပြီးတော့ ပုဒ်မ ၁၇/၁ နဲ့ ဖမ်းဆီး ခံထားရတဲ့ ရခိုင် တိုင်းရင်းသားများလည်း ကျန်ရှိနေတယ်လို့ ပြောပါတယ်။

ဧပြီလ ၈ ရက်နေ့ ကလည်း သာယာဝတီ ထောင်မှာ ဖမ်းဆီး ခံထားရတဲ့ ကျောင်း သားတွေ နဲ့ ကျောင်းသား ဆန္ဒပြပွဲမှာ ဝန်းရံ ခဲ့ကြသူတွေ နဲ့ အတူ နိုင်ငံရေး အကျဉ်းသား တွေကို လွှတ် ပေး ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ