လှိုင်းဘွဲ့ ခရစ်ယာန်ဘုရားကျောင်းဝင်းထဲ စေတီဝင်တည်

Image caption ခရစ်ယာန် ဘာသာဝင်တွေက မေတ္တာ ရှေ့ထားပြီး ကန့်ကွက် ပန်ကြားထား

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကွမ်းတော ကျေးရွာမှာ ရှိတဲ့ အင်္ဂလီကန် ခရစ်ယာန် ဘုရားကျောင်းဝင်းထဲကို သက်ဆိုင်ရာ ခွင့်ပြုချက်မရှိပဲ မြိုင်ကြီးငူ ဆရာတော် ဦးသုဇနရဲ့ အစီအစဉ်နဲ့ လူတစုက ဒီကနေ့ ဧပြီလ ၂၃ရက်နေ့မှာ အတင်း ဝင်ရောက်လာပြီး စေတီတဆူ ဝင်တည်နေပါတယ်။

ပြီးခဲ့တဲ့ တပတ်ကျော်လောက်တုန်းက အဲဒီ ခရစ်ယာန် ကျောင်းဝင်းအတွင်း ဗုဒ္ဓဘာသာ သာသနာ့အလံကို လာစိုက်ထူခဲ့ပြီး ဒီကနေ့မှာတော့ ကျောင်းဝင်း ကွန်ကရစ်တိုင် သံဆူးကြိုးကို ဖျက်ပြီး အခုလို စေတီ လာဆောက်တာလို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဒေသခံ ဗုဒ္ဓဘာသာဝင် အများစုက မလိုလားကြပဲ ဘာသာရေး တင်းမာမှုတွေ ဖြစ်လာမှာကို စိုးရိမ်နေကြတယ်လို့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ ပြည်ထဲရေးနဲ့ သာသနာရေး ဝန်ကြီး၊ ကရင်ပြည်နယ် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့က ပဒို စောအာတိုးက ဘီဘီစီကို ပြောပါတယ်။

အရင်နှစ်တုန်းကလည်း မြိုင်ကြီးငူ ဆရာတော် ဦးသုဇနနဲ့ အဖွဲ့က ဘားအံမြို့နယ် မီးဇိုင်းရွာ နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းဝင်းမှာ ခွင့်ပြုချက်မရှိပဲ စေတီတဆူ တည်ခဲ့သလို ကရင်ပြည်နယ်တွင်းက တခြားနေရာမှာလည်း အစ္စလာမ် ဘာသာ၀င်တွေရဲ့ ဘာသာရေးမြေမှာ စေတီ ဆောက်တာတွေ ရှိခဲ့ပါတယ်။

မီးဇိုင်းရွာ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း ကိစ္စတုန်းက ကျောင်းဝင်းထဲ စေတီတည် ထီးတော် တင်ပြီးသွားတဲ့အတွက် ဘာမှ လုပ်လို့ မရခဲ့ကြောင်း၊ အခုဒီတခေါက်မှာတော့ ဒီလို အဖြစ်မျိုး ထပ်မဖြစ်အောင် ကရင်ပြည်နယ် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့အနေနဲ့ အစည်းအဝေး ခေါ်ယူပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းဖို့ ကြိုးစားမယ်လို့ ပဒို စောအာတိုးက ပြောပါတယ်။

အခုလို ကရင်ပြည်နယ်တွင်းက တခြား ဘာသာ၀င်တွေရဲ့ သာသနာ့မြေတွေမှာ ခွင့်ပြုချက် မရှိပဲ မြိုင်ကြီးငူ ဆရာတော် ဦးသုဇနနဲ့ အဖွဲ့ စေတီတွေ တည်နေတာနဲ့ ပတ်သက်လို့ KNU အဖွဲ့အနေနဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရ အဖွဲ့တွေ၊ ပြည်ထောင်စု အစိုးရအဖွဲ့တွေကို စာရေးသား တင်ပြဖို့ ရှိပြီး DKBA ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်ကိုလည်း အသိပေးမယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာတော့ ပြည်နယ်အစိုးရအဖွဲ့က ဒီကိစ္စအပေါ် ကိုင်တွယ် ဆောင်ရွက်တာမျိုး မရှိသေးဘူးလို့ သူက ပြောပါတယ်။