စေတီတည်တာ တားဆီးဖို့ ပြည်နယ်အစိုးရ ကြိုးပမ်း

Image caption ခရစ်ယာန်ဘုရားရှိခိုးကျောင်းထဲတည်ခဲ့တဲ့ စေတီဟာ ဉာဏ်တော်အမြင့်က ပေ (၂၀)ကျော် ရှိ

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ ကျေးရွာ(၂)ခု က ခရစ်ယာန်ဘုရားကျောင်းဝင်း နဲ့ ဗလီနံဘေးမှာ မြိုင်ကြီးငူဆရာတော်က စေတီတွေ တည်နေတာကို ကရင်ပြည်နယ် အစိုးရအဖွဲ့ကနေ တားမြစ်ဖို့ ကြိုးစားနေပါတယ်။

မြိုင်ကြီးငူဆရာတော်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လှိုင်းဘွဲ့မြို့နယ်ထဲက ကွမ်းတော ကျေးရွာမှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းအတွင်း စေတီတည်ခဲ့ပြီး တပတ်အတွင်းမှာပဲ ရွှေဂွန်းကျေးရွာမှာရှိတဲ့ ဗလီနဘေးမှာ ညတွင်းချင်း စေတီတစ်ဆူကို ထပ်မံ တည်ခဲ့တာဖြစ်ပါတယ်။

ဒီအတွက် ကရင်ပြည်နယ် အစိုးရဝန်ကြီးအဖွဲ့တွေ ဆွေးနွေးမှုတွေရှိခဲ့ပြီး မြိုင်ကြီးငူ ဆရာတော်နဲ့ တွေ့ဆုံ လျှောက်ထားဖို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ကနေ ကြိုးစားနေပေမယ့် တွေ့ဖို့ အဆင်မပြေဖြစ်နေပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က အခုလို သူတစ်ပါးရဲ့ မြေပေါ်မှာ စေတီ တွေ တည်ဆောက် နေတာက လူအများစုကို ယဉ်ကျေးမှု မရှိဘူးလို့ မြင်စေတဲ့ အတွက် မသင့်တော်ဘူးလို့ ဆိုပါတယ်။

ဆရာတော် နဲ့တွေ့ဆုံခွင့် ရရင် အခု ကိစ္စတွေကို တင်ပြလျှောက်ထားသွားမှာ ဖြစ်ပြီးတော့ လောလောဆယ်မှာ ဆရာတော် ကို တွေ့ဖို့ ဆောင်ရွက် နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

သံဃာ့ နာယက အဖွဲ့၊ ပြည်ထောင်စု အစိုးရ အဖွဲ့နဲ့ သာသနာရေး ဝန်ကြီးဌာန ကိုလည်း အခု ကိစ္စတွေကို တင်ပြထားတယ်လို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။

သာသနာရေးဝန်ကြီးဌာန ပြည်တွင်းပြည်ပဆက်ဆံရေးနဲ့ သတင်းပြန်ကြားရေး ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းကတော့ ဝန်ကြီးဌာနအနေနဲ့ ပြည်နယ်အစိုးရရဲ့ တင်ပြချက်ကို စောင့်ဆိုင်းနေကြောင်းနဲ့ လောလောဆယ်မှာ ဘာညွှန်ကြားချက်မှ လက်ခံ ရရှိထားတာ မရှိဘူးလို့ ပြောပါတယ်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းထဲတည်ခဲ့တဲ့ စေတီဟာ ဉာဏ်တော်အမြင့်က ပေ (၂၀)ကျော် ရှိပြီး ဗလီကျောင်းနားက စေတီကတော့ (၈)ပေကျော်လောက် ရှိပါတယ်။

မြိုင်ကြီးငူဆရာတော်ဟာ လှိုင်းဘွဲ့မြို့နယ်က ကျေးရွာတွေမှာ စေတီ (၄)ဆူတည်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ဒီလို တခြားဘာသာဝင်တွေရဲ့ ဘုရားကျောင်းတွေနားမှာ စေတီတည်တာမျိုးတွေ ထပ်မံဖြစ်ဖို့ တားဆီးနိုင်ဖို့ ကြိုးစားနေတယ်လို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

အခုစေတီ (၂)ဆူတည်ထားတဲ့ ကျေးရွာ(၂)ခုမှာ နေတဲ့ ခရစ်ယာန်၊ မွတ်စလင် နဲ့ ဗုဒ္ဓဘာသာဝင်တွေ အချင်းချင်းကြား ခိုက်ရန်မဖြစ်ဖို့ သက်ဆိုင်ရာဘာသာရေးခေါင်းဆောင်တွေက မေတ္တာရပ်ခံ တိုက်တွန်းပြောဆိုမှုတွေ ရှိပြီး ဒေသခံတွေအကြား ပြဿနာ တစုံတရာ မရှိဘူးလို့ လှိုင်းဘွဲ့မြို့ပြည်နယ်လွှတ်တော်အမတ် ဦးစောချစ်ခင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ