ဒေါ်စုနဲ့ အပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့တွေ့

ဓာတ်ပုံ မူပိုင် EPA
Image caption ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပဖို့ ဒေါ်စုပြော

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ နေပြည်တော်မှာ ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက် မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မီတီ JMC-U နဲ့ ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ညီလာခံ ကို ဘယ်လို ဆောင်ရွက် သင့်တယ် ဆိုတာတွေ အဓိက ထားပြောဆို ခဲ့ပါတယ်။

အပစ် အခတ် ရပ်စဲရေးတွေ တည်တံ့ ခိုင်မြဲမှ ငြိမ်းချမ်းရေး ရနိုင်မယ် အပစ်အခတ် ရပ်စဲရေး များဟာ လက်မှတ် ရေးထိုး တာထက် တည်တံ့ ခိုင်မြဲ ဖို့က ပိုခက် ခဲတယ် လို့ ပြောကြားခဲ့ ပြီး အပစ်အခတ် ရပ်စဲရေးတည်တံ့ အောင်လုပ်ဖို့ အရေးကြီးကြောင်း ပြောဆို ခဲ့ပါတယ်။

အပစ်အခတ် ရပ်စဲရေးမှာ အားလုံး ပါဝင်လာဖို့ လိုအပ်တယ် လို့လည်း သူကပြောခဲ့ပါတယ်။

ငြိမ်းချမ်းရေး နဲ့ပတ်သက်လို့လည်း ၂၁ ရာစု ပင်လုံညီလာခံ ကို တစ်လ နှစ်လ အတွင်း ကျင်ပနိုင်ဖို့ ဆန္ဒရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ကဆိုပါတယ်။

JMC အတွင်းရေးမှူး ဗိုလ်မှူးကြီး၀ဏ္ဏအောင်က လည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြောကြားချက် တွေဟာ သူတို့ ဆောင်ရွက်နေတဲ့ ရည်မှန်းချက် တွေနဲ့တူညီတယ် လို့ ပြော ပါတယ်။

သူက ငြိမ်းချမ်းရေး ညီလာခံ ကို အမျိုးသား ညီလာခံလို့ ရည်ညွှန်း ပြောခဲ့ပြီး အပစ်အခတ် တွေမရှိတော့မှ အမျိုးသားရင်ကြားစေ့ရေး ကိုဆောင်ရွက်လို့ ရနိုင်မယ့်အကြောင်း ပြောခဲ့ ပါတယ်။

တပ်မတော်အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် အစဉ်တစိုက် ပါဝင် ဆောင်ရွက် သွားမယ်လို့ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က MPC လို့ ခေါ်တဲ့ မြန်မာ ငြိမ်းချမ်းရေး စင်တာကို ပြင်ဆင် တိုးချဲ့ ဖွဲ့စည်း ဖို့အတွက်လည်း အဆိုပြု ခဲ့ပါတယ်။

အသေး စိတ်ကို ဆက်လက် ဆွေးနွေးဖို့ အတွက် မေလ ၁၀ ရက်နေ့ နေပြည်တော်မှာ ထပ်မံ တွေ့ဆုံ ကြဖို့ ရှိတယ်လို့ ဒေါက်တာ ရွှေခါးက ဘီဘီစီကို ပြော ခဲ့ပါတယ်။