နိုင်ငံတဝန်း ထူးခြား မိုးလေဝသ ဖြစ်နိုင်

Image caption မိုးသီးကြွေမယ့် အခြေအနေ ရှိရင် လယ်ကွင်းတို့ သစ်ပင်အောက် တို့မှာ မနေသင့်ပါ

မြန်မာ နိုင်ငံ တဝန်း မြို့ကြီး ၁၁ မြို့မှာ ဧပြီ ၂၉ ရက်နေ့က အပူချိန် စံချိန် တင်တက် ခဲ့ ပြီး အခု ၅ ရက် အတွင်း ထူးခြား မိုးလေ ဝသ အခြေ အနေ ဖြစ်နိုင် တယ်လို့ မိုးလေဝသ နဲ့ ဇလဗေဒ ဦးစီး ဌာနက သတိပေးချက် ထုတ်ပြန်ထား ပါတယ်။

အဲဒီလို ဖြစ်ခဲ့ရင် မိုးထစ်ချုန်း ရွာတာ လေပြင်း တိုက်တာနဲ့ မိုးသီး ကြွေ မိုးကြိုးပစ်တာ တွေ နိုင်ငံ တဝန်း ဖြစ်နိုင် တယ်လို့ ဆိုပါတယ်။ ၂၉ ရက်နေ့ ကတော့ ရှမ်းပြည်နယ် ဘက်မှာ မိုး ထစ်ချုန်း ရွာပြီး လေပြင်းတွေ တိုက်ခတ်ခဲ့ ပါတယ်။

စံချိန်တင် ပူခဲ့တဲ့ နေရာတခု ဖြစ်တဲ့ နေပြည်တော် မှာတော့ ဧပြီ ၂၉ ရက်နေ့က ထူးခြား မိုးလေဝသ အခြေ အနေ မျိုး မတွေ့ရဘူးလို့ နေပြည်တော်က မိုးလေဝသနဲ့ ဇလ ဗေဒ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဟာရင် နိုင်တီယမ်းက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် အခုရက်ပိုင်း အတွင်း မိုးထစ်ချုန်းပြီး လေပြင်းတိုက် မိုးသီးကြွေ တာတွေ ဖြစ်မယ့် အခြေ အနေမျိုး ရှိခဲ့ရင် ခိုင်ခံ့တဲ့ အဆောက် အဦး ထဲ တင်ကြို ဝင်နေကြဖို့နဲ့ လယ်ကွင်းထဲ နေတာ သစ်ပင်အောက် နေတာမျိုး ရှောင်သင့် တယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံ အထက်ပိုင်း ဒေသ တွေမှာ ပိုပြီး သတိထား သင့်တယ်လို့ လည်း ပြောပါတယ်။

ရာသီဥတု အင်မတန် ပူပြင်းတဲ့ အခါ မိုးတိမ်တောင်တွေ ဖြစ်ပြီး အခုလို ရာသီဥတု အခြေ အနေ မျိုး ကြုံတွေ့ရတတ်ကာ၊ ဇွန်လ မုတ်သုန် မိုးရွာပြီ ဆိုရင်တော့ ခုလို မဖြစ် နိုင်တော့ ဘူးလို့ ဆိုပါတယ်။

မေလ ၁၃ - ၁၄ ရက် အတွင်း မြန်မာ နိုင်ငံ တောင်ပိုင်းကို မုတ်သုန် ဝင်ရောက်နိုင်ပြီး၊ ဇွန်လ ၁၀ ရက်နေ့လောက်မှာတော့ မြန်မာ တနိုင်ငံလုံး မုတ်သုန် ရာသီ ဝင်ရောက်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။