နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတာ ၈နှစ်ပြည့်ပြီ

Image caption ကိုယ့်အားကိုယ်ကိုးပြီး NGO တွေနဲ့ ပူးပေါင်းကာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက် နေရ

နာဂစ် မုန်တိုင်း တိုက်ခတ် ခံရပြီး ၈ နှစ် ပြည့်တဲ့ အချိန် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ရာမှာ နိုင်ငံတော် က ပေးတဲ့ ထောက်ပံ့ ကြေးတွေ ပြည့်ပြည့်စုံစုံ မရဘူးလို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိုင်း က ပြောပါတယ်။

ကိုယ့်အားကိုယ်ကိုးပြီး NGO တွေနဲ့ ပူးပေါင်းကာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက် နေရတယ်လို့ပြောပါတယ်။

NGO အဖွဲ့အစည်း များစွာ က ဧရာဝတီတိုင်း ဘက်ကို လာရောက်ပြီး လယ်ယာ လုပ်ငန်း တွေ၊ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ကူညီခဲ့ကြပြီး ကျွဲနွား တိရိစ္ဆာန် တွေ ရောဂါ ကင်းရှင်း ရေး ကိုလည်း ကူညီဆောင်ရွက် ခဲ့ကြပါတယ်။

ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ရာမှာ အဓိက လိုအပ်ချက် ကတော့ လက်တလော ဘိုကလေး မြို့နယ်မှာ ပင်လယ် ဆားငံရေ ဝင်ရောက်လျှက် ရှိပြီး လယ်ယာမြေများစွာ ပျက်စီး ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ထော်ပိုင် ဘက်မှာ ဆိုရင် ဆားငံရေ ဝင်ရောက်ခဲ့တဲ့ အတွက် လယ်ဧက ငါးထောင် ကျော် ပျက်စီး ခဲ့ရပြီး ဆားငံရေ ဝင်ရောက်မှု ကို တားဆီး နိုင်မယ့် ရေကာတာ တွေ ပီပီပြင်ပြင် မရှိဘူးလို့ ပြောပါတယ်။

နာဂစ် တိုက်ခတ်ပြီးချိန် ဖွံ့ဖြိုးရေး လုပ်ငန်း လုပ်ခဲ့ ပေမယ့် အရည်အချင်း မပြည့်မီ တဲ့ တည်ဆောက်မှုတွေ ကြောင့် ရေကာတာ တွေဟာ ဆားငံရေ တိုက်စားပြီး ပျက်စီး ခဲ့တယ်လို့ ပြောပါတယ်။

အခု အစိုးရသစ်လက်ထက်မှာ အရည်အသွေး ပြည့်မီ တဲ့ ရေကာတာတွေ နဲ့ အုတ်တံတိုင်း တွေ ပြန်လည် တည်ဆောက်ရေး အတွက် လွှတ်တော်ကို တင်ပြ ဖို့ စီစဉ် ထားတယ်လို့ ပြောပါတယ်။

သောက်သုံးရေ ရရှိမှု အပိုင်းမှာလည်း လိုအပ်ချက်တွေ များစွာ ရှိနေပြီး ရေတွင်း တူးဖို့ အခက်အခဲ တွေလည်း ရှိနေပါတယ်။

မြို့ပေါ် NGO အဖွဲ့အစည်းတွေက ရေလိုအပ်နေတဲ့ ရွာတွေကို ရေဖြန့်ဖြူးဖို့ သွားရောက် ပေမယ့် နာဂစ် အပြီးမှာ တည်ဆောက် ခဲ့တဲ့ တံတား တွေက အရည် အသွေး မမီ တဲ့ အတွက်ကြောင့် ရေသယ်ကားကြီးတွေ သွားလို့ မရ ဖြစ်နေပါတယ်။

ဘိုးကလေး ဒေသ မှာ ရှိတဲ့ ကျေးရွာပေါင်း ၂၀၀ ကျော် က လက်ရှိ အချိန်အထိ သောက်သုံး ရေချို ရရှိဖို့ အခက်အခဲ ဖြစ်နေဆဲပါ။

ရာသီဥတု နဲ့ ပတ်သက်ပြီး အရေးပေါ် နားခိုဖို့ တည်ဆောက် ထားတဲ့ Shelter အဆောက်အဦ တွေကလည်း လုံလုံလောက်လောက် မရှိဘူးလို့ ပြောပါတယ်။

ကျေးရွာအုပ်စု ၈၆ အုပ်စုမှာ Shelter ရှိတဲ့ ကျေးရွာ က ၁၅ အုပ်စုပဲ ရှိကြောင်း ပြောပါတယ်။

မြင်သာထင်သာ ရှိတဲ့ ဖျာပုံ-ဘိုကလေး ကားလမ်းပေါ်မှာ Shelter တွေကို တည်ဆောက်သွားတာ ဖြစ်ပြီး နယ်စွန်နယ်ဖျား ပင်လယ်စပ် က ကျေးရွာ တွေမှာ အရေးပေါ် နားခိုဖို့ Shelter အဆောက်အဦ မရှိဘူးလို့ ဆိုပါတယ်။

ဘိုကလေး ဒေသမှာ စီးပွားရေး အခြေအနေကြောင့် ရွာတွေ ကို စွန့်ခွာ ထွက်သွား သူတွေလည်း အတော်များတယ်လို့ ဆိုပါတယ်။

နာဂစ် အပြီး ၈ နှစ် အကြာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ရဲ့ အောင်မြင်မှု က ၆၀ ရာခိုင်နှုန်း လောက်ပဲ ရှိပါတယ်။

နိုင်ငံတော်က ဘတ်ဂျတ် အပြည့်အဝ ပေး ကောင်း ပေးခဲ့ပေမယ့် ဒေသခံ တွေရဲ့ လက်ဝယ် ကို ရောက်ရှိမှုက ၂၀ ရာခိုင်နှုန်း လောက်သာ ရှိခဲ့တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ