ဖားကန့်ကို သယံဇာတ ပြည်ထောင်စုဝန်ကြီး သွားရောက်

Image caption ရွာတွေ ရေမြုပ်တဲ့ ကိစ္စတွေ နဲ့ ပတ်သက်ပြီး ဒေသခံတွေ နဲ့ တွေ့ဆုံ ဆွေးနွေး

ကချင်ပြည်နယ် က ဖားကန့် ကျောက်စိမ်းတွင်း တွေကို စစ်ဆေးဖို့ သယံဇာတ နဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း သွားရောက် ခဲ့ပါတယ်။

ဖားကန့်မှာ ဖြစ်နေတဲ့ မြေစာတွေ ချောင်းဘေးမှာ ပုံတဲ့ ကိစ္စတွေ၊ ရွာတွေ ရေမြုပ်တဲ့ ကိစ္စတွေ နဲ့ ပတ်သက်ပြီး ဒေသခံတွေ နဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့တယ်လို့ ဆွေးနွေးပွဲ တက်ရောက် ခဲ့သူ တစ်ဦး က ပြောပါတယ်။

ဒေသခံတွေ၊ ရေမဆေးကျောက် ရှာဖွေသူတွေနဲ့ လုပ်ငန်းရှင် တွေအကြားမှာ မျှမျှတတ စီမံ ဆောင်ရွက်ရေး၊ တရားဥပဒေ စိုးမိုးရေး ကိစ္စတွေကို ဆွေးနွေး ခဲ့ကြပါတယ်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပြင်ဆင် ပြဋ္ဌာန်း ခဲ့တဲ့ ကျောက်မျက် ဥပဒေ မှာ မကိုက်ညီတဲ့ အချက်တွေရှိပြီး အဲဒါတွေကို ပြင်ဆင်ပေးဖို့ ဆွေးနွေး ခဲ့ကြပါတယ်။

တရားဝင် အခွန်ဆောင်ထားတဲ့ မော်တော်ယာဉ်တွေ လမ်းမှာ ပိတ်မိ နေတာ ရှိပြီး အဲဒါတွေကို ဥပဒေ အတိုင်း ဆောင်ရွက် ပေးဖို့ ဝန်ကြီးထံကို တင်ပြ ဆွေးနွေး ခဲ့တယ်လို့ ဖားကန့် ကျောက်စိမ်း လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးထွန်းထွန်း က ပြောပါတယ်။

ကျောက်စိမ်းတူးတဲ့ လုပ်ငန်းအကြီးတွေ ကို ရပ်ဆိုင်းဖို့ ဆွေးနွေး တာမျိုးတော့ မရှိဘူးလို့ ပြောပါတယ်။

တရုတ်နိုင်ငံဘက်က မော်တော်ယာဉ်တွေ ဝင်ရောက်လာလို့ အရင်တုန်းက ကန့်ကွက်တာတွေ ရှိခဲ့ပေမယ့် အခု ဆွေးနွေးပွဲမှာ ဒေသခံတွေက အဲဒါတွေ နဲ့ ပတ်သက်လို့ ထွေထွေထူးထူး ပြောတာ မရှိဘူးလို့ ဆိုပါတယ်။

အဓိက အနေနဲ့ ဖားကန့် ဒေသမှာ ရေမြုပ်တဲ့ ကိစ္စတွေ ကို ဝန်ကြီး တစ်ယောက် အနေနဲ့ လာရောက် ကြည့်ရှုတာလို့ ထင်မြင် ယူဆ မိကြောင်း ဦးထွန်းထွန်း က ပြောပါတယ်။

ပြည်ထောင်စု ဝန်ကြီး က ဖားကန့် ဒေသ ကို သေသေချာချာ လေ့လာ ခဲ့ပြီး သုံးသပ်မှုတွေ ပြုလုပ် ခဲ့ပေမယ့် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ် တာမျိုးတော့ မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။

ဖားကန့် ဒေသမှာ တရုတ် နိုင်ငံသားတွေ လာရောက် အလုပ်လုပ် ကိုင်နေတာ မရှိကြောင်း၊ မှတ်ပုံတင် ကိုင်ဆောင် ထားတဲ့ မြန်မာ နိုင်ငံသား တရုတ်လူမျိုး တွေသာ အလုပ်လုပ် ကိုင်နေတယ်လို့ ဦးထွန်းထွန်း ကပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ