ရခိုင်စစ်ပွဲ ခုခံစစ်လို့ အေအေပြော

ဓာတ်ပုံ မူပိုင် epa
Image caption အစိုးရစစ်တပ်နဲ့ အေအေကြားတိုက်ပွဲတွေ ဒုက္ခရောက်ရတဲ့ ရခိုင်ပြည်သူတွေ

ရခိုင်ပြည်နယ်အတွင်း အစိုးရစစ်တပ်နဲ့ AA ရခိုင်တပ်မတော်တို့ကြား ဖြစ်နေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်စဲရေး တင်သွင်းခဲ့တဲ့ အဆိုကို မှတ်တမ်းတင်ထားဖို့ အမျိုးသားလွှတ်တော်မှာ မေလ ၄ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။

ဒီအဆိုနဲ့ပတ်သက်လို့ ဆွေးနွေးစဉ်အတွင်း စစ်တပ်ဖက်ကိုယ်စားလှယ်တွေနဲ့ ကာကွယ်ရေးဝန်ကြီးတို့က အေအေဟာ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်နှုပျက်ပြားအောင် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာဖြစ်ပြီး ဒီမိုကရေစီစနစ်ကို ဆန့်ကျင်တိုက်ခိုက်နေတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ အေအေရခိုင်တပ်မတော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အေအေရဲ့ အမှတ် ၂ စစ်ဒေသ လှုပ်ရှားတဲ့ နေရာတွေကို အစိုးရစစ်တပ်က တပ်မ ၃ ခုနဲ့ နကစ တခုတို့ရဲ့ လက်အောက်ခံတပ်တွေနဲ့ ရုတ်တရက် သင်္ကြန်ကျခါနီးမှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့လို့ ပြန်လည်ခုခံတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

အစိုးရစစ်တပ်က အေအေကို အမြစ်ပြတ်ချေမှုန်းမယ်လို့ ကြေညာထားခဲ့ပြီး အခုလို ဖြတ်လေးဖြတ်ပုံစံနဲ့ စစ်ဆင်ရေးတွေလုပ်လာခဲ့တာလို့ ဆိုပါတယ်။ ဒီမိုကရေစီအစိုးရတက်လာခဲ့ပြီး ပြသနာတွေကို နိုင်ငံရေးအရ ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းရမယ့် အချိန်မှာ စစ်တပ်ဘက်က အခုလိုစစ်ဆင်ရေးတွေကို ရခိုင်ပြည်နယ်မှာတင်မက ရှမ်းပြည်နယ်မှာပါ လုပ်နေတာဟာ အစိုးရကို နိုင်ငံရေးအကျပ်အတည်းဖြစ်အောင် တမင်ဖန်တီးနေတယ်လို့ ထင်မြင်စရာဖြစ်ကြောင်း၊ သူတို့အနေနဲ့ အာဏာကိုလက်လွှတ်ရတဲ့အုပ်စုရဲ့ မရိုးသားတဲ့ ကြိုးစားမှုရှိလေသလားလို့ ယူဆကြောင်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဘီဘီစီကို ပြောပါတယ်။

သူတို့အနေနဲ့ ဒီမိုကရေစီအရ ရွေးကောက်ခံတင်မြှောက်ခံထားရတဲ့ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးဖို့ ဆန္ဒရှိပြီး ကြေညာချက်တွေလည်း ထုတ်ပြန် ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

အေအေအနေနဲ့ တနိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းရေးဆွဲစဉ်က ပါဝင်ခဲ့ပြီး အခုအချိန်မှာလည်း နိုင်ငံရေးအရ ဆွေးနွေးဖို့ အဆင်သင့်ဖြစ်တယ်လို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကပြောခဲ့ပါတယ်။