လယ်မြေ သိမ်းဆည်းမှု ပြန်စိစစ်ရေး ကော်မတီဖွဲ့

Image caption သိမ်းဆည်းခံ လယ်မြေတွေ ပြန်ရရေးအတွက် လယ်သမားတွေ တောင်းဆို ဆန္ဒပြခဲ့ကြ

သမ္မတဦးထင်ကျော် အစိုးရက မေလ ၄ရက်နဲ့ ၅ရက် နေ့စွဲတွေနဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီ အပါအဝင် ကော်မရှင်နဲ့ ကော်မတီ ၈ခုကို ဖွဲ့စည်းလိုက်ပါတယ်။

မြေသိမ်းမှု ပြဿနာတွေကို လျင်မြန်စွာ ဖြေရှင်း ဆောင်ရွက်နိုင်ဖို့ အတွက် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းလိုက်တာ ဖြစ်ပြီး ဒုတိယ သမ္မတ ( ၂ ) ဦးဟန်နရီ ဗန်ထီးယူက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

အဲဒီ ကော်မီတီထဲမှာ ကာကွယ်ရေး ဝန်ကြီး အပါအဝင် ဌာန အသီးသီးက ပြည်ထောင်စု ဝန်ကြီးတွေ၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရ ဝန်ကြီးချုပ် အားလုံးနဲ့အတူ နေပြည်တော် ကောင်စီဥက္ကဋ္ဌတို့ ပါဝင်မှာ ဖြစ်ပါတယ်။

လယ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက လယ်ယာမြေ သိမ်းဆည်းခံရမှုတွေနဲ့ ပတ်သက်လို့ အရင်က လွှတ်တော်မှာ ပါတဲ့ အဖွဲ့တွေက စိစစ်ပြီး လွှတ်တော်မှာပဲ တင်ပြခဲ့ကြောင်း၊ အဲဒီလို လွှတ်တော်က တင်သွင်းမှုတွေကို အစိုးရက ပြန်လည် ဆောင်ရွက်ပေးရာမှာ ဆောင်ရွက်ပေးပုံ အားနည်းတာကို တွေ့ရကြောင်း၊ အခု ဒုသမ္မတ ကိုယ်တိုင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဝန်ကြီးဌာန အသီးသီးက ဝန်ကြီးတွေ ပါဝင် ဆောင်ရွက်မှာမို့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဘီဘီစီကို ပြောပါတယ်။

သိမ်းဆည်းခံ မြေတွေ ပြန်ပေးရေးနဲ့ ပတ်သက်လို့ တပ်မတော်နဲ့ ညှိနှိုင်းရာမှာ ဒီကော်မတီမှာ ပါတဲ့ ကာကွယ်ရေး ဝန်ကြီးအနေနဲ့ ဘယ်လောက် အကူအညီ ပေးနိုင်မလဲဆိုတာ ခန့်မှန်းဖို့ ခက်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကာကွယ်ရေး ဝန်ကြီးအနေနဲ့ လက်ရှိမှာ လူထုရဲ့ ထောက်ခံမှုရအောင် ကြိုးပမ်းနေတာမို့ စစ်တပ်က သိမ်းထားတဲ့ မြေတွေကို ပြန်ပေးမယ်လို့ မျှော်လင့်ကြောင်း ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

တခါ လယ်မြေ သိမ်းဆည်းခံ ထားရတဲ့ လယ်သမားတွေ အတွက် လက်ရှိမှာ လယ်ယာမြေ ပြန်ရဖို့ အခက်အခဲ ဖြစ်နေတဲ့ ကာလမှာ အစိုးရသစ်အနေနဲ့ ရန်ပုံငွေ တရပ် ထူထောင်ပေးပြီး လယ်ယာမြေ အစားထိုး ထူထောင်ပေးတာမျိုး၊ လိုအပ်တဲ့ စိုက်ပျိုးရေး ကိရိယာတွေ ပြန်လည် ထောက်ပံ့ ပေးတာမျိုးတွေ ဆောင်ရွက်ပေးဖို့ကိုလည်း ဒေါက်တာ စိုးထွန်းက အကြံပြု ခဲ့ပါတယ်။

ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ဖွဲ့စည်းခဲ့တဲ့ မြေယာ အသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီက တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ရှိတဲ့ သိမ်းဆည်းမြေဧက ၄သိန်းခွဲကို မူလ ပိုင်ရှင်တွေထံ ပြန်လည်စွန့်လွှတ်မှာ ဖြစ်ပြီး ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၂၉ရက်နေ့အထိ မြေဧက ၄သိန်းနီးပါးလောက် လွှဲပြောင်း ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ ပြီးခဲ့တဲ့ မတ်လက ထုတ်ပြန် ကြေညာခဲ့ပါတယ်။