၂၁ရာစု ပင်လုံညီလာခံ ကျင်းပဖို့ တပ်မတော်နဲ့ဆွေးနွေး

Image caption MPC ကို NRPC အမျိုးသား ရင်ကြားစေ့ရေး ငြိမ်းချမ်းရေး ဗဟိုဌာန အဖြစ် ပြန်လည် ဖွဲ့စည်းမယ်။ ဓါတ်ပုံ - နိုင်ငံတော် အတိုင်ပင်ခံရုံး

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကိုယ်စားလှယ်တွေဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စတင် နိုင်ဖို့ မေလ ၉ ရက်နေ့မှာ ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေး နဲ့ ပတ်သက်လို့ ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ် ၂ ခုကို အဓိက ဆွေးနွေးခဲ့ကြောင်း တပ်မတော် ကိုယ်စားလှယ် က ဘီဘီစီ ကိုပြောပါတယ်။

မြန်မာ ငြိမ်းချမ်းရေး စင်တာ MPC ကို NRPC အမျိုးသား ရင်ကြားစေ့ရေး ငြိမ်းချမ်းရေး ဗဟိုဌာန အဖြစ် ပြန်လည် ဖွဲ့စည်းမယ့် အကြောင်း ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

နောက်ထပ် ဆွေးနွေးချက် တစ်ခု အဖြစ် ၂၁ ရာစု ပင်လုံ ညီလာခံ ကို ကျင်းပဖို့ အတွက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တပြိုင်နက်တည်းမှာပဲ အပစ်အခတ် ရပ်စဲရေး NCA လက်မှတ် ရေးထိုးထားခြင်း မရှိတဲ့ အဖွဲ့တွေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင် နိုင်အောင် အစည်းအဝေးမှာ ဆွေးနွေး ခဲ့ကြပါတယ်။

၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံမှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့ အဖွဲ့တွေ အားလုံး ပါဝင်အောင် ဖိတ်ခေါ်တဲ့ နည်းလမ်း နဲ့ သူတို့ရဲ့ ဒေသ တွေကို သွားရောက်ပြီးဆွေးနွေး တဲ့ ပုံစံမျိုးတွေ နဲ့ ဆောင်ရွက်ဖို့ ရှိပါတယ်။

၂၁ ရာစု ပင်လုံ ညီလာခံကို ဇူလိုင်လ ထဲမှာ ကျင်းပဖို့ ပြင်ဆင် ထားပြီး ညီလာခံ ကျင်းပ ရေး နဲ့ ပတ်သက်လို့ မေလ ၁၆ ရက်နေ့မှာ အသေးစိတ် ပြန်လည် ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။

NLD အစိုးရ ရဲ့ ငြိမ်းချမ်းရေး မူဝါဒ ဟာ အရင် အစိုးရ လက်ထက် က လုပ်ခဲ့သလို နိုင်ငံရေး ဆွေးနွေးပွဲ ပုံစံမျိုး မဟုတ်သလို၊ ဗဟိုက ချမှတ်တဲ့ မူဝါဒ တွေကို ဆောင်ရွက်တာမျိုး မဟုတ်ဘူးလို့ ပြောပါတယ်။

ညှိနှိုင်းပေါင်းစပ် ပေးတဲ့ ပုံစံ မျိုး ဖြစ်တာကြောင့် ပိုပြီး အလုပ် ဖြစ်နိုင်ကြောင်း ဆွေးနွေးပွဲကို တက်ရောက် ခဲ့သူ တစ်ဦး ကပြောပါတယ်။

တိုင်းရင်းသား ခေါင်းဆောင် အချို့ကတော့ NLD အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရ သေးတဲ့ အတွက် ဝေဖန် မှုတွေ လုပ်ခဲ့ပါတယ်။

အစိုးရ နဲ့ တပ်မတော် ခေါင်းဆောင် တွေ အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ဖို့ ဆွေးနွေးနေတဲ့ အချိန်မှာပဲ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း နဲ့ ရခိုင် ပြည်နယ်တွေမှာ အစိုးရ တပ်မတော် နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ