ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေမှာ ပုဂ္ဂလိကဆေးရုံ မဆောက်ရတော့

ဓာတ်ပုံ မူပိုင် moi
Image caption ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး လွှတ်တော်မှာ သူ့အမြင်ကို တင်ပြခဲ့

ရန်ကုန်မြို့လယ် အချက်အချာနေရာ တစ်ခုက ကျန်းမာရေး ဝန်ကြီးဌာနပိုင် မြေနေရာကို ပုဂ္ဂလိကဆေးရုံ တည်ဆောက်ဖို့ ဆိုပြီး ငှားရမ်းထားတာကို ရပ်ဆိုင်းဖို့ ပြည်သူ့ လွှတ်တော်က မေလ ၁၂ ရက်နေ့ ကြာသပတေးနေ့ က ဆုံးဖြတ် လိုက်ပါတယ်။

Parkway Yangon ဆိုတဲ့ နာမည်နဲ့ ပုဂ္ဂလိက ဆေးရုံ တည်ဆောက်ဖို့ ဆိုပြီး နိုင်ငံခြားနဲ့ ပြည်တွင်း ကုမ္ပဏီတွေ ပူးတွဲပါဝင်နေတဲ့ လုပ်ငန်းအုပ်စုတစ်ခုကို အရင်အစိုးရလက်ထက်က ရင်းနှီးမြှုပ်နှံခွင့် ပေးခဲ့ပြီး ပြည်လမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်က ကျန်းမာရေး ဝန်ကြီးဌာနပိုင် မြေနေရာကို ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။

ပြည်သူပိုင် မြေနေရာတစ်ခုကို နှစ်ရှည် ငှားရမ်းခွင့် ပြုခဲ့တုန်းက ပွင့်လင်းမြင်သာမှု မရှိတဲ့အပြင် တည်ဆောက်မယ့် ပုဂ္ဂလိကဆေးရုံဟာ အများပြည်သူအကျိုးကို ဖော်ဆောင်ပေးနိုင်မှာ မဟုတ်ဘူးဆိုပြီး ပြီးခဲ့တဲ့ သီတင်းပတ်က NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရေကြည်မြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဒေါက်တာ စံရွှေဝင်းက လွှတ်တော်မှာ အဆိုတင်ထား ခဲ့တာပါ။

ဒီကိစ္စကို မေလ ၁၁ရက်နေ့ မနေ့က ပြည်သူ့ လွှတ်တော်မှာ အမတ်တွေ ဆွေးနွေး ခဲ့ကြရာမှာ စီမံကိန်း ချပေးခဲ့တဲ့ တာဝန်ရှိသူတွေမှာ အဂတိတရား ကင်းစင်ခဲ့ရဲ့လား ဆိုတဲ့ အပေါ် လွှတ်တော်အမတ်တွေ မေးခွန်း ထုတ်ခဲ့ကြ ပြီး ပုဂ္ဂလိကဆေးရုံ အစား အစိုးရကပဲ ပြည်သူပိုင်ဆေးရုံ ဆောက်ဖို့ တင်ပြ ဆွေးနွေးခဲ့ကြပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ နိုင်ငံတကာ အဆင့်မီ ပုဂ္ဂလိကဆေးရုံတစ်ခု ပေါ်ထွန်းလာမယ့် စီမံကိန်း ဖြစ်တဲ့အတွက် စဉ်းစားသင့်တယ်လို့ ပြောခဲ့ ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးလည်း လွှတ်တော် ရှေ့မှောက် လာရောက်ပြီး မြေငှားရမ်း ထားတဲ့ လုပ်ရပ်နဲ့ ပုဂ္ဂလိက ဆေးရုံ ဆောင်မယ့် အစီအစဉ် အပေါ် သူ့ရဲ့ သဘောထား အမြင်ကို ထွက်ဆိုခဲ့ပါတယ်။

နောင်မှာ ဆေးရုံ တိုးချဲ့ဖို့ လိုအပ်လာမှာ ဖြစ်သလို ရန်ကုန် ဆေးရုံကြီးဘေးမှာ သင်ကြားရေး ဆေးရုံတရုံ တည်ဆောက်ဖို့ လိုအပ်ကြောင်း၊ ရန်ကုန်ဆေးရုံကြီးရဲ့ သက်တမ်းမှာ ကြာမြင့်လာပြီ ဖြစ်တဲ့အတွက် အဲဒီ အချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း ဒေါက်တာ မြင့်ထွေးက ထောက်ပြ ဆွေးနွေးခဲ့ပါတယ်။