တိုက်ပွဲတွေ ဖြစ်နေလို့ ကျောက်မဲ ကို လူ ၁၀၀၀ ကျော်ထွက်ပြေးလာရ

tnla ဓာတ်ပုံ မူပိုင် AP
Image caption TNLA စစ်ရေးပြ နေစဉ်

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ထဲ က ကျေးရွာ တချို့မှာ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ TNLA နဲ့ မြန်မာအစိုးရ စစ်တပ် အကြားတိုက်ပွဲတွေ ဖြစ်နေပြီး ထောင်နဲ့ချီတဲ့ လူတွေ ကျောက်မဲမြို့ပေါ် ကို ထွက်ပြေး နေရပါတယ်။

ကျောက်မဲမြို့နယ် တော့စန်ကျေးရွာ တဝိုက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူနေအိမ်တွေ မီးလောင်ခဲ့ရပါတယ်။

မေလ ၁၀ ရက် နဲ့ ၁၁ ရက်မှာလည်း တိုက်ပွဲတွေ ဖြစ်ခဲ့သလို မေလ ၁၂ ရက် ကြာသပတေးနေ့မှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေဆဲပါ။

အဲဒီ နေရာမှာ အရင် ကလည်း TNLA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး အခုတော့ TNLA နဲ့ မြန်မာအစိုးရ စစ်တပ်တွေအကြား ဖြစ်နေတာပါ။

မိုင်းမောဒေသ ဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး အဲဒီက ထွက်ပြေးလာသူတွေ ရော၊ အခု တော့စန်ရွာ တိုက်ပွဲတွေ ဘက် ကထွက်ပြေးလာသူတွေရော ကျောက်မဲ ကို တက်လာပြီး အခုဆို စစ်ဘေးရှောင် ဒုက္ခသည် အနည်းဆုံး ၁၂၀၀ ရှိနေပြီလို့ ကျောက်မဲ ဒေသခံ တယောက်ဖြစ်တဲ့ ဦးစိုင်းသန်းမောင် က ဘီဘီစီ ကို ပြောပါတယ်။

ဒီနှစ်ဆန်းပိုင်းဖြစ်တဲ့ ဖေဖော်ဝါရီလတုန်း ကလည်း တိုက်ပွဲတွေကြောင့် ဒုက္ခသည် ပေါင်း ၂၀၀၀ ကျော် ကျောက်မဲကို ထွက်ပြေးလာခဲ့ဘူးပါတယ်။