စစ်ကိုင်း ဆန္ဒပြအလုပ်သမားတွေ နေပြည်တော်နားရောက်

Image caption အလုပ်သမားတွေ ရပိုင်ခွင့် ကိုတော့ လွှတ်တော်မှာ အရေးကြီး အဆို တင်ပြီး ဆောင်ရွက်ဖို့ စီစဉ် ထား

စစ်ကိုင်း ပတ္တမြား စက်မှုဇုံမှာ ရှိတဲ့ အိန္ဒိယ နိုင်ငံသားပိုင် (MVPPL) စစ်ကိုင်း မြန်မာ ဗီနီးယာ သစ်ပါးလွှာ စက်ရုံက အလုပ်ထုတ် ခံရလို့ ဆန္ဒပြ ချီတက် လာတဲ့ အလုပ် သမား တွေဟာ အင်္ဂါနေ့ မှာတော့ နေပြည်တော် နား ရောက်ရှိ လာပြီ ဖြစ်ပါ တယ်။

အခုတော့ ဆန္ဒပြ အလုပ်သမားတွေဟာ ရမည်းသင်း မြို့နယ်က ကျေးရွာ တခုမှာ နားနေကြ ပါတယ်။

ဒီ အလုပ် သမားတွေကို နေပြည်တော် နယ်မြေထဲ ဝင်ခွင့် ပေးမှာ မဟုတ်ဘဲ ဥပဒေအရ တားမြစ် ဆောင်ရွက်သွား မယ်လို့ ဥတ္တရ သီရိ ခရိုင် အုပ်ချုပ်ရေး မှူး ဦးအေးသောင်းက ဘီဘီစီကို ပြောပါတယ်။

အလုပ် သမားတွေ ရပိုင်ခွင့် ကိုတော့ လွှတ်တော်မှာ အရေးကြီး အဆို တင်ပြီး ဆောင်ရွက်ဖို့ စီစဉ် ထားတယ်လို့ သူက ဆိုပါတယ် ။

နေပြည်တော် အစ မိုင်တိုင် ၂၈၄ မိုင် နေရာမှာတော့ အာဏာပိုင် တွေက လုံခြုံရေးတွေနဲ့ လူနာတင် ကားတွေကို ချထားပြီး တားဆီးဖို့ ပြင်ဆင် နေတာ ဖြစ်ပါတယ်။

အလုပ် သမား ၁၀ဝ နီးပါးလောက် ဟာ အလုပ်ရှင်နဲ့ အလုပ် သမားကြား မပြေလည်မှု တွေကို အစိုးရက ဖြေရှင်း ပေးဖို့ အတွက် ဧပြီလ ၂၉ရက် နေ့က စလို့ နေပြည်တော် အထိ လမ်းလျှောက် ချီတက် တောင်းဆို နေကြ တာပါ။

အလုပ် သမားတွေ ကတော့ ဆက်လက် ချီတက်မှာ ဖြစ်တယ်လို့ သပိတ် စစ်ကြောင်း အောင်နိုင်ရေး ကော်မတီ အဖွဲ့ဝင် ကိုနက်အောင်က ဘီဘီစီကို ပြောပါတယ်။

၁၈ ရက်နေ့ ဗုဒ္ဓဟူးနေ့ မနက် ပိုင်းမှာ ဆက်လက် ချီတက်မှာ ဖြစ်ပြီး၊ လမ်းမှာတော့ တားဆီး မှု ရှိနိုင်မှာ မဟုတ်ပေမယ့် နေပြည်တော် အဝင်မှာတော့ အာဏာပိုင်တွေ ဘက်က တားဆီးဖို့ အခြေ အနေ ရှိနေ ပါတယ်။