ထိုင်းက မြန်မာလုပ်သားသောင်းချီ နေရပ်ပြန်

thai_fish ဓာတ်ပုံ မူပိုင် epa
Image caption မြန်မာတွေ အဓိက လုပ်ကိုင်နေတဲ့ ထိုင်း ရေလုပ်ငန်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ တောင်ဘက် မဟာချိုင်း ဒေသက ထိုင်းငါးဖမ်းလှေ လုပ်ငန်းမှာ အလုပ်လုပ် နေတဲ့ မြန်မာ အလုပ်သမား ၅ သောင်းကျော် နေရပ်ပြန်ကုန် ကြတဲ့အထိ ထိုင်းငါးဖမ်း လုပ်ငန်း ကို ထိခိုက်နေပြီ လို့ ငါးလှေ လုပ်ငန်းရှင် တွေက သတင်း ထုတ်ပြန်ပါတယ်။

ပင်လယ်ပြင်မှာ ငါးပုဇွန် ရေသတ္တဝါ တွေကို ထိန်းထိန်းသိမ်းသိမ်း ဖမ်းဆီးဖို့ လူကုန်ကူးမှု မရှိစေဖို့ ဥရောပသမဂ္ဂ က ထိုင်းအစိုးရကို ဖိအား ပေးထားတယ်။ ဥရောပ သမဂ္ဂက သတ်မှတ် ထားတဲ့ အတိုင်း မလုပ်ရင် ဥရောပ ကို ငါးပုဇွန် တင်ပို့ခွင့် ပိတ်ပင်မယ် လို့ သတိပေး ထားပါတယ်။ လူကုန်ကူးမှုကို ထိထိ ရောက်ရောက် မတားမြစ်ရင် အမေရိကန် ကလည်း စီးပွားရေး ပိတ်ဆို့မယ် လို့ သတိပေး ထားတယ်။ ဒါကြောင့်မို့လို ထိုင်း အစိုးရက ဥပဒေတွေ ထုတ်ပြန်ပြီး ငါးဖမ်း လုပ်ငန်းကို ကြပ်ကြပ် မတ်မတ် လုပ်လာပါတယ်။

အစိုးရက သတ်မှတ်ထားတဲ့ ငါးဖမ်းလှေ စည်းကမ်းချက် အသစ်တွေနဲ့ ပတ်သက်ပြီး အလုပ်သမား အရေး ဆောင်ရွက်နေတဲ့ မဟာချိုင်း အခြေစိုက် အလုပ်သမား အခွင့်အရေး မြှင့်တင်ရေး ကွန်ရက် က ဒါရိုက်တာ စုမ်ဖုန်း စရာ့ကယောက် က ပြောပြပါတယ်။

ငါးဖမ်းလှေ အလုပ်သမား ၁၀ဝ ရာခိုင်နှုန်းအထိ အလုပ်လုပ်ခွင့် လက်မှတ်ရှိရမယ်၊ ငါးဖမ်းပိုက် ၂ လက်မအောက် မဖမ်းရဘူး၊ စီးပွားဖြစ် ငါးလှေတွေဟာ ကမ်းခြေကနေ ၁ဝ မိုင်အကျော်မှာ ဖမ်းရမယ်၊ ဒေသခံ လှေငယ် တွေက ၃ မိုင် အကျော်မှာ ဖမ်းရမယ်၊ တလမှာ အနည်းဆုံး ၅ ရက် ငါးမဖမ်းရဘူး၊ ငါးဖမ်းလှေ အားလုံး မှတ်ပုံတင်ရမယ် စတဲ့စည်းကမ်းချက်တွေ အစိုးရက ထုတ်ပြန်တယ်။ နောက်ပြီးတော့ လူကုန်ကူးမှုကြောင့် အင်ဒိုနီးရှား ရေပိုင်နက် ထဲမှာ ထိုင်းငါးဖမ်းလှေတွေ ဖမ်းခွင့် မရှိတော့ဘူး။ ပြီးခဲ့တဲ့ ကာလတုန်းက ထိုင်းမှာ ငါးဖမ်း စက်လှေပေါင်း ၅ သောင်းလောက် ရှိတယ်လို့ ခန့်မှန်း ပြောဆိုနေပြီး အဲ့ဒီထဲက တဝက်ကျော်က တရားမဝင် ငါးဖမ်းလှေတွေ ဖြစ်နေ တာကြောင့် အခု စည်းကမ်းချက် တွေအရ ငါးဖမ်းမထွက်နိုင်ဘဲ ရပ်နား ထားရတာတွေ ရှိတယ်လို့ ပြောသွားပါတယ်။

ဒီလို ကန့်သတ်မှုတွေ ရှိတာကြောင့် ငါးဖမ်းစက်လှေ မထွက်နိုင်လို့ မြန်မာ အလုပ်သမားတွေလည်း တွက်ခြေမကိုက်ဘဲ အိမ်ပြန်တာ ၅ သောင်းကျော် သွားပြီလို့ ထိုင်းငါးဖမ်း လုပ်ငန်းရှင်တွေက ထုတ်ဖော် ပြောကြား ပါတယ်။

လုပ်ငန်း ပြောင်းလုပ်
ဓာတ်ပုံ မူပိုင် epa
Image caption ထိုင်းရောက် မြန်မာ လုပ်သားတွေ

ဒါရိုက်တာ စုမ်ဖုန်း စရာ့ကယောက်က မြန်မာ အလုပ်သမား ၅ သောင်းလုံး ပြန်တာတော့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ် ။

အလုပ်သမားတွေ ပြန်သွားကြတယ် ဆိုတာကို ယုံကြည်ပါတယ်။ ပြီးခဲ့တဲ့ကာလက သင်္ကြန်ကာလမို့လို့ မြန်မာအလုပ်သမားတွေ အိမ်ပြန်တာ ရှိပါတယ်။ တချို့ ပြန်မလာသူတွေ ရှိပေမယ့် အများစုက ထိုင်းပြန်လာတယ်လို့ ယူဆရပါတယ်။ ငါးဖမ်းလုပ်ငန်းမှာ အလုပ်မရှိလို့ ပြန်မလုပ် တာကို အလုပ်သမားတွေ နေရပ်ပြန်တယ်လို့ လုပ်ငန်းရှင်တွေက အစိုးရကို ဖိအားပေးပြော တဲ့သဘောရှိပါတယ်။ တကယ်တော့ အလုပ်သမား တွေက တခြား အလုပ်ကို ပြောင်းလုပ် နေကြတယ် လို့ ခန့်မှန်းရတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာအလုပ်သမား တွေအတွက် မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်း သိပ်မရှိသေးတာကြောင့် အလုပ်သမားတွေက ထိုင်းမှာ အလုပ်ဆက်လုပ်နေရဦးမှာ ဖြစ်တယ်လို့ ပြောသွား ပါတယ်။

အစိုးရရဲ့ကြပ်မတ်မှု ကြောင့် ငါးဖမ်း လုပ်ငန်းရှင်တွေ အတွက် ရိုက်ခတ်မှု ရှိပေမယ့် အလုပ်သမားတွေ အရေးကို တိတိကျကျ ကိုင်တွယ်တာ ပိုကောင်းတယ်။ လုပ်အားခ အပြည့်အဝ ရရှိရေးကိုလည်း အစိုးရက စိစစ် ကြပ်မတ် ပေးဖို့ လိုနေသေးတယ်လို့ ဒါရိုက်တာ စုမ်းဖုန်း စာကယောက်က ထောက်ပြ သွားပါတယ်။

ထိုင်းနိုင်ငံက ရေထွက်ပစ္စည်း နိုင်ငံခြားကို တန်ချိန် ၁ သန်းကျော် တင်ပို့နေတာဖြစ်ပြီး ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃ ထောင်ကျော်ရှိတယ်လို့ ထိုင်းကုန်သွယ်ရေး ဌာနက ထုတ်ပြန်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ