ဧဝရက်တောင်ထိပ်မှာ မြန်မာအလံ လွှင့်နိုင်တော့မယ်။

ဓာတ်ပုံ မူပိုင် Nyi Nyi Aung
Image caption ဧဝရက်တောင်ထိပ်ကို တက်နိုင်ဖို့ ကြိုးစားနေတဲ့ ကိုပြည့်ဖြိုးအောင်၊ ကိုဝင်းကိုကိုနဲ့ ကိုညီညီအောင်

ကမ္ဘာမှာ အမြင့်ဆုံး ဖြစ်တဲ့ ဧဝရက်တောင်ထိပ်မှာ မကြာခင် နာရီပိုင်းအတွင်း မြန်မာနိုင်ငံရဲ့ အလံကို ပထမဆုံးအကြိမ် သမိုင်းဝင် လွှင့်ထူနိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်။

ပေအားဖြင့် နှစ်သောင်း ကိုးထောင် နှစ်ဆယ့်ကိုးပေ၊ မီတာနဲ့ ဆိုရင် မီတာ ရှစ်ထောင် ရှစ်ရာ ငါးဆယ် မြင့်တဲ့ ဧဝရက်တောင်ထိပ်အထိ တက်နိုင်ဖို့ ကြိုးစားနေကြတဲ့ မြန်မာ ခြေလျင်နဲ့ တောင်တက်သမား လူငယ် ၃ဦးအနက် ကိုပြည့်ဖြိုးအောင်နဲ့ ကိုဝင်းကိုကိုတို့ နှစ်ဦး ဟာ မေလ ၁၉ရက် မနက် ၉ နာရီလောက်မှာ တောင်ထိပ်ကို ရောက်နိုင်တော့မှာ ဖြစ်ပါတယ်။

သူတို့ထဲက ကိုညီညီအောင်ကတော့ Base Camp တောင်ခြေစခန်းမှာ ကျန်းမာရေးကြောင့် ကျန်ရစ်ခဲ့ပါတယ်။

တောင်ခြေစခန်းကနေ တောင်ထိပ်ကို မေလ၁၄ ရက်နေ့က စတက်ခဲ့ကြတဲ့ ကိုပြည့်ဖြိုးအောင်နဲ့ ကိုဝင်းကိုကိုတို့ဟာ ဧဝရက် တောင်ထိပ် ရောက်ဖို့ မီတာ ၈၅၀ အကွာမှာ ရောက်နေပြီ ဖြစ်ပြီး ည၁၀နာရီလောက်မှာ တောင်တက်ခရီး ပြန်စဖို့ စီစဉ်ထားတယ်လို့ Base Camp တောင်ခြေစခန်းမှာ ကျန်ခဲ့တဲ့ ကိုညီညီအောင်က ဘီဘီစီကို ပြောပြပါတယ်။

အဓိက အခက်အခဲ ဖြစ်တဲ့ ရာသီဥတု အခြေအနေက လောလောဆယ်မှာ အနုတ် ၂၀-၂၅ ဒီဂရီလောက် ရှိပြီး လေထုထဲမှာ အောက်ဆီဂျင် ပါဝင်မှုနှုန်းက ၃၀ရာခိုင်နှုန်းလောက် ကျနေတယ်လို့ ဆိုပါတယ်။

အခုအခါ တောင်ထိပ်ကို လှမ်းမြင်နေရပြီမို့ သူတို့ ၂ဉီးစလုံး တောင်ထိပ်ကို အရောက်တက်လှမ်းနိုင်ဖို့ စိတ်ဓါတ် ပြင်းပြနေကြတယ်လို့ သိရပါတယ်။

ကျန်းမာရေး အရလည်း တောင်ဆက်တက်ဖို့ အဆင်သင့် ဖြစ်နေသလို Facebook ကနေတဆင့် အားပေးနေသူတွေကြောင့်လည်း စိတ်အား တက်ကြွနေကြတယ်လို့ ဆိုပါတယ်။

Myanmar Everest Summit Team ဟာ ထူးဖေါင်ဒေးရှင်းရဲ့ ထောက်ပံ့မှုနဲ့ ဧဝရက်တောင်ကို တက်နေကြတာ ဖြစ်ပါတယ်။