ဧဝရက်တောင်ထိပ်မှာ မြန်မာအလံ စိုက်ပြီ

Image caption မြန်မာတောင်တက်သမား ကိုပြည့်ဖြိုးအောင်နဲ့ ကိုဝင်းကိုကို

မြန်မာနိုင်ငံ က တောင်တက်သမား ကိုပြည့်ဖြိုးအောင်နဲ့ ကိုဝင်းကိုကို တို့နှစ်ဦးဟာ ပင်လယ် ရေမျက်နှာပြင် အထက် မီတာ ၈၈၅၀ မှာရှိတဲ့ ကမ္ဘာ့ အမြင့်ဆုံး ဧဝရက် တောင်ထိပ်ကို မေလ ၁၉ ရက်နေ့ မနက်မှာ ရောက်ရှိ ခဲ့ကြ ပါတယ်။

ဒါဟာ မြန်မာတွေ ထဲမှာ ပထမဆုံး ဧဝရက် တောင်ထိပ်ကို အောင်မြင်စွာ တက်ရောက် နိုင်ခဲ့တာ ဖြစ်ပါတယ်။

နီပေါစံတော်ချိန် မနက် ၇ နာရီ ၇ မိနစ်မှာ ကိုပြည့်ဖြိုးအောင်က တောင်ထိပ်ကို အရင် ရောက်ရှိခဲ့ပြီး ကိုဝင်းကိုကို က နောက်ဆယ်မိနစ် အကြာမှာ ရောက်ရှိခဲ့တာ ဖြစ်တယ်လို့ ကျန်းမာရေး အခြေအနေကြောင့် တောင်ခြေစခန်းမှာဘဲ နေခဲ့ တဲ့ ကိုညီညီအောင်က ပြောပါတယ်။

ဧဝရက် တောင်ထိပ်မှာ မြန်မာနိုင်ငံတော် အလံ အပြင် သူတို့ခရီးစဉ်ကို ထောက်ပံ့မှုတွေပေးခဲ့တဲ့ ထူးဖောင်ဒေးရှင်း၊ အာရှ စိမ်းလန်း ဖွံ့ဖြိုးရေးဘဏ် အလံတွေနဲ့ ဓါတ်ပုံတွေ ရိုက်ခဲ့ကြ ပြီး GPS မြေပုံလမ်းညွှန် အထောက်အထားတွေနဲ့အတူ မှတ်တမ်း တင်ခဲ့တယ်လို့ ကိုညီညီအောင်က ပြောပြပါတယ်။

မေလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်မှာ မီတာ ၈၀၀၀ အမြင့်မှာ ရှိတဲ့ ကြားစခန်း အမှတ် ၄ မှာ ပြန်လည် ရောက်ရှိ လာပြီး အဲဒီမှာည အိပ်ကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ တောင်တက်သမားနှစ်ဦး နဲ့အတူ ရှာပါ လမ်းညွှန် လေးဦးလည်း လိုက်ပါ သွားခဲ့တာ ဖြစ်ပါတယ်။

တောင်ထိပ်ကို မရောက်ခင် မီတာ ၈၀၀၀ က အထက် မှာ အောက်စီဂျင် ပါးလွှာတဲ့အပြင်၊ ချောက်ကမ်းပါးတွေလို သဘာဝ အန္တရာယ် တွေလည်း ရှိတဲ့အတွက် သေမင်းတမန် ဇုံ(Death Zone) လို့ ခေါ်ကြောင်း ကိုညီညီအောင်က ရှင်းပြ ပါတယ်။

တောင်တက် သမားနှစ်ဦးလုံးဟာ ကျန်းမာရေးအခြေ အနေကောင်းမွန်တယ်လို့လည်း သူကဆိုပါတယ်။

သူတို့အဖွဲ့ဟာ မေလ ၂၃ ရက်နေ့ မှာ ခတ္တမန္တူမြို့ကိုရောက်ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။