အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကယ်ရီ နေပြည်တော်ကို ရောက်မယ်

kerry
Image caption မြန်မာ အစိုးရသစ်ကို အမေရိကန် အစိုးရက ထောက်ခံကြောင်း ပြသဖို့ ဝန်ကြီး ကယ်ရီ လာရောက်တာ ဖြစ်။

မြန်မာနိုင်ငံကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ဒီကနေ့ မေလ ၂၂ရက် လာရောက်ဖို့ ရှိနေပါတယ်။

မြန်မာ့ နိုင်ငံရေးမှာ အဓိက ကျတဲ့ ခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန က ထုတ်ပြန် ထားပါတယ်။

ဒီမိုကရေစီ နည်းကျ ရွေးကောက် တင်မြှောက် ခံခဲ့ရတဲ့ အရပ်သားတွေ ဦးဆောင်တဲ့ မြန်မာ အစိုးရသစ်ကို အမေရိကန် အစိုးရက ထောက်ခံကြောင်း ပြသဖို့ ဝန်ကြီး ကယ်ရီ လာရောက်တာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ပြောခွင့်ရ ဂျွန်ကာဘီ ရဲ့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ အတွင်း ရှေ့ လုပ်ဆောင် ရဦးမယ့် ဒီမိုကရေစီ အရေး ပြုပြင် ပြောင်းလဲရေး တွေနဲ့ စီးပွားရေး ကဏ္ဍတွေမှာ အမေရိကန်ဘက်က ဆက်လက် အကူအညီတွေ ပေးမယ် ဆိုတာကို အခု ခရီးစဉ်က ပြသနေတယ် ဆိုပြီးတော့လည်း အဲဒီ့ ထုတ်ပြန်ချက်ထဲ ပါဝင်ပါတယ်။

ဝန်ကြီး ကယ်ရီရဲ့ အခု ခရီးစဉ် အကြို ပြီးခဲ့တဲ့ သီတင်းပတ် ထဲကပဲ အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ဆက်လက်ထားရှိ ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေထဲက တချို့ကို ဖြေလျှော့ ပေးခဲ့ တာမှာ မြန်မာ အစိုးရပိုင် စီးပွားရေး လုပ်ငန်း ၇ခု နဲ့ အစိုးရဘဏ် ၃ခုကို နာမည်ပျက် စာရင်းကနေ ပယ်ဖျက် ပေးခဲ့ပါတယ်။

ဒါပေမယ့် အရင် စစ်အစိုးရ နဲ့လည်း နီးစပ်ခဲ့သူ၊ မူးယစ်ဆေးဝါး လုပ်ငန်းတွေ နဲ့ လည်း ပတ်သက်တယ်လို့ သံသယ ရှိနေကြ တဲ့ စတီဗင် လော ရဲ့ လုပ်ငန်း ၆ ခု လောက်ကို တော့ ဒဏ်ခတ် ပိတ်ဆို့တဲ့ စာရင်းထဲမှာ ထပ်တိုးပြီး ထည့် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ