ဖားကန့် အန်အဲလ်ဒီ ရာအိမ်မှူး ပစ်သတ်ခံရ

Image caption ဖားကန့် ဒေသမှာ ထိတ်လန့် နေကြ ရတယ်လို့ ဒေသခံ တဦးက ပြောပါတယ်

ဖားကန့် ဒေသမှာ ဒီရက်ပိုင်း တိုက်ပွဲတွေ ငြိမ်နေ ပေမယ့် နေ့ခင်း ကြောင်တောင်မှာ အန်အဲလ်ဒီ ပါတီဝင် ရာအိမ်မှူး အမျိုး သမီး တဦး သေနတ်နဲ့ ပစ်သတ် ခံခဲ့ရ ပါတယ်။

ဖားကန့် မြို့နယ် ဆိုင်းတောင် အုပ်စု မော်ရှန်ရွာက အသက် ၄၀ကျော် အရွယ် အန်အဲလ်ဒီ ပါတီဝင် ကျေးရွာ ရာအိမ်မှူး ဒေါ်နန္ဒာလှိုင်ကို လက်နက်ကိုင် ၂ ယောက်က နေ မေလ ၂၂ ရက် ညနေ ၅ နာရီ ဝန်းကျင်မှာ အိမ်တွင်း ဝင်ပြီး ပစ်သတ် သွားခဲ့ တာပါ။

သေဆုံး သွားတဲ့ ဒေါ်နန္ဒာလှိုင်ရဲ့ ခင်ပွန်း ကတော့ သူ့ဇနီးဟာ ရပ်ကွက် ကောင်းကျိုး လုပ်နေသူ ဖြစ်ပြီး အပြစ် မရှိဘဲ ခံရတာ ဖြစ်လို့ ဒါမျိုး ဘယ်မှာမှ မကြုံ စေချင်ဘူး လို့ ဆိုပါတယ်။

ဒေါ်နန္ဒာလှိုင်ဟာ အမျိုး သမီး ရာအိမ်မှူး တစ်ဦး ဖြစ်သလို ရပ်ရွာ အတွင်း တရား မဝင် စွန့်ပစ် မြေစာပုံတဲ့ ကိစ္စတွေ မှာလည်း ဦးဆောင် ဖြေရှင်း ပေးနေတဲ့ NLD ပါတီဝင် တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်နန္ဒာလှိုင်ကို နေအိမ်ထဲ ထိ ဝင်ပစ် သွားတဲ့ ဖြစ်စဉ်ကြောင့် ဖားကန့် ဒေသမှာ ထိတ်လန့် နေကြ ရတယ်လို့ ဖားကန့် ဒေသခံ တဦးက ဘီဘီစီကို ပြောပါတယ်။

ခတ်နေတဲ့ ကျွဲ နှစ်ကောင်ကြား မြေဇာပင်က ကြားညှပ်မှာ စိုးလို့ အနေ အထိုင် အပြော အဆိုပါ ဆင်ခြင် နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နယ်မြေ လုံခြုံရေး တာဝန် ယူထား ရတဲ့ ရဲတပ်ဖွဲ့နဲ့ နယ်မြေခံ စစ်တပ် ကတော့ အမြဲလို ပူးပေါင်း ကင်းလှည့် ပေးနေ တယ်လို့ တာဝန် ရှိသူ တွေက ပြောပါတယ်။ ဒီလို လုံခြုံရေး တင်းတင်း ကြပ်ကြပ် ချထားတဲ့ ကြားက မေလ ၉ ရက် ညတုန်းက ဆိပ်မူ ရဲစခန်းကို ဗုံးနဲ့ပစ်လို့ ရဲစခန်း ဝန်ထမ်းလိုင်း တခုလုံး မီးလောင် ပျက်စီး ခဲ့ရ ပါသေးတယ်။