ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲတွေ ဆက်ရှိ

kia_soldiers ဓာတ်ပုံ မူပိုင် AFP
Image caption မုန်းကိုး ဒေသထဲ ကချင် လက်နက်ကိုင် KIA နဲ့ အစိုးရ တပ် အကြား တိုက်ပွဲ ဖြစ်။

ရှမ်းပြည်နယ် မြောက်ပိုင်း မုန်းကိုး ဒေသထဲ ကချင် လက်နက်ကိုင် KIA နဲ့ အစိုးရ တပ် အကြား တိုက်ပွဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြာသာပတေးနေ့ တုန်းကတော့ မုန်းကိုးနဲ့ ၄-၅ မိုင် ဝေးတဲ့ မန်ပိန်း ဆိုတဲ့ ကချင် ရွာတစ်ရွာ မီးရှို့ ခံခဲ့ရပြီး အစိုးရ စစ်တပ်ရဲ့ လက်ချက်လို့ ပြောနေကြပေမယ့် အစိုးရဖက်ကို ဆက်သွယ် အတည် မပြု နိုင်သေးပါဘူး။

ဒေသတွင်း တိုက်ပွဲတွေကြောင့် ရွာသားတွေဟာ ဘေးလွတ်ရာ ရှောင်တိမ်း နေကြရပြီး၊ KIA အဖွဲ့ က ဝင်ရောက် နေရာယူ ထားတာကနေ အစိုးရ စစ်တပ် နဲ့ ကြား တိုက်ပွဲ ဖြစ်လာရင်း အခုလို မီးရှို့ ခံလိုက်ရတာ ဖြစ်တယ်လို့ မုန်းကိုး မြို့ခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက် ရှိနေတဲ့ အတွက် အပျက်အစီး အဆုံးအရှုံး အသေးစိတ်ကို မှတ်တမ်း တင်နိုင်ဖို့ ကြိုးစား နေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

တခါ၊ သီပေါ မြို့နယ်ထဲမှာလည်း ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSPP/SSA နဲ့ အစိုးရ တတပ် အကြား တိုက်ပွဲတွေ ကြောင့် သီပေါ မြို့ပေါ်ကို ရောက်လာကြတဲ့ စစ်ဘေး ဒုက္ခသည် ပေါင်း တစ်ထောင် ကျော် သွားပြီလို့ ဒုက္ခသည်တွေ အရေး ကူညီဆောင်ရွက် နေသူတွေက ပြောပါတယ်။

အစိုးရ စစ်တပ်က ပြုလုပ်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ကြောက်ရွံ့ပြီး ထွက်ပြေး လာသူတွေ အများစု ဖြစ်ပြီး၊ တောထဲတောင်ထဲ ရက် အတန်ကြာ ပုန်းအောင်း နေပြီးမှ မြို့ပေါ် ရောက်အောင် ပြေးလာ ခဲ့ကြရသူတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

ကျွဲ၊ နွားနဲ့ တောင်ယာ ခြံမြေ တွေ အပါအဝင် မိမိ တို့ အိုးအိမ်တွေကို စွန့်ပြီး လက်လွှတ် ထွက်ပြေး လာခဲ့ ကြရတာ ဖြစ်ပြီး မိုးဦးကျ စိုက်ချိန် ပျိုးချိန်မှာ အခုလို စစ်ဘေး ဒုက္ခသည် ဘ၀ ကျရောက် နေကြ ရတာ ဖြစ်တယ်လို့လည်း ပြောနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ