ဖားကန့်မှာ မြေစာပုံပြိုလို့ လူတွေသေပြန်ပြီ

Image caption ဓါတ်ပုံ - စိုးဇေယျာထွန်း

မေလ ၂၃ ရက် ညဦးပိုင်းက ဖားကန့် နဲ့ ၁၀ မိုင်လောက် ဝေးတဲ့ ဝှေခါမှော်မှာ ရတနာကြယ် ကုမ္ပဏီရဲ့ ကျောက်စိမ်းထုတ်တဲ့နေရာဟောင်းကို ရေမဆေးကျောက်ရှာသူတွေ တူးရာက မြေစာပုံပြိုပြီး လူရာဂဏန်းလောက် မြေစာပုံပိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖားကန့်ဒေသမှာ ရေမဆေးကျောက် လာရှာသူတွေများတဲ့အတွက် မြေစာပုံပြိုတယ်ဆိုရင် လူဘယ်လောက်သေတယ် လူဘယ်လောက်မြေစာပုံပိတယ် ဆိုတာ အတိအကျပြောဖို့ခက်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဖားကန့် မြို့မရဲစခန်း တာဝန်မှူး ရဲအရာရှိက လက်ရှိမှာ အလောင်း ၁၂ လောင်း တူးဖေါ်ရရှိထားပြီး ဒဏ်ရာရ လူနာစာရင်းတော့ အတိအကျမကောက်ရသေးဘူးလို့ ပြောပါတယ်။

ကုမ္ပဏီရဲ့ လုပ်ကွက်ဆိုပေမယ့် ကုမ္ပဏီအလုပ်သိမ်းချိန်မှာ အခုလို မြေစာပုံမှာ လာရှာလေ့ရှိကြတယ်လို့ ဆိုပါတယ်။

မေလ ၆ ရက်နေ့ကလည်း ဖားကန့်မြို့နယ်ထဲက စိုင်းတောင်နဲ့ စပေါ့ရွာကြားက ဘဇံချောက်အရပ်မှာရှိတဲ့ တစ်သုံးလုံးကုမ္ပဏီလုပ်ကွက်မှာ မြေစာပုံပြိုကျလို့ ရေမဆေးကျောက်ရှာသူ ၁၆ ယောက်သေခဲ့သလို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မြေစာပုံပြိုကျလို့ လူ ၁၂၀ နီးပါးသေဆုံးခဲ့ပါတယ်။

နိုဝင်ဘာလကနေ မေလအတွက် မြေစာပုံပြိုတာ ၆ ကြိမ်ထက်မနည်းရှိခဲ့ပါတယ်။

မြေစာပုံကိစ္စနဲ့ ရေမဆေးကျောက်ရှာသူတွေကို တားဆီးဖို့ဆိုတာ ဘယ်လောက်ဥပဒေတွေချမှတ်ချမှတ် ဧကသောင်းချီကျယ်ဝန်းလှတဲ့ လုပ်ကွက်တွေနဲ့ လူစာရင်း အတိအကျကောက်ဖို့ဆိုတာ အခက်အခဲတွေအများကြီးရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆင်းရဲနွမ်းပါးမှုက လွတ်မြောက်ဖို့ မျှော်လင့်ချက်နဲ့ ရေမဆေးကျောက်ကို လာရှာနေသူတွေ အများအပြားရှိနေတာကြောင့် အာဏာပိုင်တွေက တားဆီးဟန့်တားဖို့ လုပ်ကြပေမယ့် မအောင်မြင်တဲ့အပြင် စံချိန်စံညွှန်းနဲ့ အညီ မြေစာပုံမဖို့တဲ့ ကုမ္မဏီတွေကို ထိန်းကြောင်းရေးမှာလည်း အစိုးရ ဌာနဆိုင်ရာတွေ အနေနဲ့ အားနည်းချက်လည်းရှိတယ်လို့ ဖားကန့်မဲဆန္ဒနယ်အမှတ်၂ က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလာဆိုင်းက ပြောပါတယ်။

အခုလို မြေစာပုံပြိုတာနဲ့ပတ်သက်လို့ မိုးရွာတာ၊ မြေစာပုံကို ခါးလည်ကတူးတာ၊ ရေပိုက်နဲ့ထိုးတာတွေအပြင် ကုမ္ပဏီတွေရဲ့ မြေစာဖို့ပုံမှာ အားနည်းချက်ရှိတယ်လို့ သယံဇာတနဲ့ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောပါတယ်။

ဒီလို စည်းကမ်းနဲ့မညီတဲ့ ကုမ္ပဏီတွေကို ကွင်းဆင်းလေ့လာပြီး စီမံခန့်ခွဲရေးနည်းလမ်းအရ၊ ဥပဒေနည်းလမ်းတွေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ