လက်ပံတောင်းအစီရင်ခံစာ အကောင်အထည်မဖော်သေး

ဓာတ်ပုံ မူပိုင် Kohanwinaung
Image caption မြေယာ သိမ်းယူမှုနဲ့ ပတ်သက်လို့ မပြေလည်သေးတဲ့ လျော်ကြေး ကိစ္စတွေ ဖြေရှင်းပေးဖို့ ဒေသခံတွေ တောင်းဆိုနေ

လက်ပံတောင်း ကြေးနီ စီမံကိန်း စုံစမ်းရေး အစီရင်ခံစာပါ အကြံပြုချက် တွေကို အရင်အစိုးရ လက်ထက် အကောင်အထည်ဖော် မဆောင်ရွက်ခဲ့ဘူး လို့ အရပ်ဘက် အဖွဲ့ တဖွဲ့ရဲ့ အစီရင်ခံစာ မှာ ပါရှိပါတယ်။

ဒေသခံတွေအပေါ် ဒီစီမံကိန်းကြောင့် လူမှုရေး၊ စီးပွားရေး နဲ့ သဘာ၀ဝန်းကျင် ထိခိုက်မှုတွေ ရှိနေပြီလို့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုင်ရာ အရပ်ဘက် မဟာမိတ် အဖွဲ့ (MATA) အဖွဲ့ အစီရင်ခံစာမှာ ပါရှိ ပါတယ်။

မြေယာ သိမ်းယူမှု လျော်ကြေး ကိစ္စတွေနဲ့ ဒေါ်ခင်ဝင်း သေဆုံးမှု အပေါ် အရေးယူ မပေးသေးတာ ကို ဆောင်ရွက်ပေးဖို့ ဒေသခံတွေက တောင်းဆိုတယ်လို့လည်း ဆိုပါတယ်။

ဒါကို ဒေသခံတွေ ပြောပြချက်နဲ့ လေ့လာချက်တွေအရ တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြပါတယ်။

လက်ပံတောင်း စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မတီကို အဲဒီအချိန်က လွှတ်တော် အမတ် ဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်ခဲ့တာပါ။

စာတမ်း ပြုစု

တောင်သူ ဒေါ်ခင်၀င်း သေဆုံးခဲ့ပြီး နောက်ပိုင်း MATA အဖွဲ့က ဒေသတွင်း တကယ် ဖြစ်ပျက် နေတာတွေကို အထောက်အထားနဲ့ အသေအချာ သိရှိနိုင်အောင် စာတမ်း ပြုစုခဲ့တာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်ထောင်စု အစိုးရ အဆင့်တွေမှာ ပြသနာတွေ ပြေလည်အောင် အခု တွေ့ရှိချက်တွေကို တင်ပြ ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ MATA အဖွဲ့ ညှိနှိုင်း ဆောင်ရွက်ရေးမှူး ဒေါ်နီနီ၀င်းက ဘီဘီစီကို ပြောပါတယ်။

ဒေသခံတွေက အကောင်အထည်ဖော်ရေး ကော်မတီဟောင်းကို ဖျက်သိမ်းပြီး သူတို့ ကိုယ်တိုင် ပါတဲ့ ကော်မတီ အသစ် ပြန်ဖွဲ့ပေးဖို့ ဆန္ဒ ရှိနေကြတယ်လို့ သူက ပြောပါတယ်။