ရန်ကုန် က ကျူးကျော် တွေ စီမံချက်ထား ဆောင်ရွက်မယ်

Image caption အလုပ်အကိုင်တွေကို ဖော်ဆောင်မယ့် ကိစ္စကိုလည်း စိစစ်နေတဲ့ အခြေအနေမှာပဲ ရှိသေး

ရန်ကုန်တိုင်း အတွင်း မေလ(၂၆)ရက်နေ့ နောက်ပိုင်း အသစ် ကျူးကျော် နေထိုင်သူတွေနဲ့ လက်ရှိမှာ စီးပွားဖြစ်ကျူးကျော်နေထိုင်သူတွေကို အရေးယူမယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြော လိုက်ပါတယ်။

ရန်ကုန်တိုင်းအတွင်း ကျူးကျော်နေထိုင်နေသူတွေရဲ့ စာရင်းကို (၄၅)ရက်အတွင်း အပြီး ကောက်ခံပြီး အမှန်တကယ် နေထိုင်စရာ မရှိတဲ့ ကျူးကျော်တွေကို နေထိုင်ဖို့ နေရာနဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးမှာ ဖြစ်ပါတယ်။

ဒါပေမယ့် စီးပွားဖြစ် မြေကွက်ရိုက်ရောင်းသူတွေနဲ့ပေါင်းပြီး ကျူးကျော် ဟန်ဆောင် နေထိုင် သူတွေကိုတော့ တည်ဆဲ ဥပဒေတွေနဲ့ အရေးယူမှုတွေ လုပ်မယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လက်ရှိ ကျူးကျော်နေသူတွေကို စာရင်းကောက်ရမှာတော့ ဒီဂျစ်တယ်နည်းပညာနဲ့ လက်ဗွေနဲ့ မျက်နှာတွေကို မှတ်တမ်းယူပြီး တဦးချင်းစီရဲ့ နောက်ကြောင်း ကိုလည်း စုံစမ်း စစ်ဆေးတာတွေ လုပ်ပြီးမှ ကျူးကျော်အစစ် ဟုတ်မဟုတ် သတ်မှတ်မှာ ဖြစ်ပါတယ်။

အစိုးရ အဖွဲ့အနေနဲ့ ရန်ကုန်တိုင်းအတွင်း ကျူးကျော်နေထိုင်သူတွေ လုံးဝမရှိစေဖို့ မေလ (၂၆)ရက်နေ့ နောက်ပိုင်း ကစလို့ အသစ်ကျူးကျော်နေထိုင်သူတွေကို ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူမယ်လို့ ရန်ကုန်တိုင်းအစိုးရ လုံခြုံရေး နဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း က ပြောပါတယ်။

ကျူးကျော်တွေကို စာရင်းကောက်ယူမယ့် စီမံချက်ကို (၄၅) ရက်အတွင်း အပြီး လုပ်ဆောင်မယ် ဆိုပေမယ့် အမှန်တကယ် စီမံချက်စမဲ့ အချိန်နဲ့ ပြီးဆုံးမဲ့ ကာလကို ထုတ်ဖော် ပြောကြားခြင်း မရှိပါဘူး။

လောလောဆယ် အကြမ်းဖျဉ်း စာရင်းကောက်ခံမှုတွေအရ ရန်ကုန်တိုင်းအတွင်း ကျူးကျော်နေထိုင်သူ (၄)သိန်းကျော်ရှိနေပါတယ်။

ကျူးကျော် တွေကို စာရင်း ကောက်ယူပြီး နောက် အမှန်တကယ် ကျူးကျော် နေသူ တွေကို စီစဉ်ပေးမယ့် နေထိုင်ဖို့အိမ်ရာနဲ့ အလုပ်အကိုင်တွေကို ဖော်ဆောင်မယ့် ကိစ္စကိုလည်း စိစစ်နေတဲ့ အခြေအနေမှာပဲ ရှိသေးတယ်လို့ ရန်ကုန်တိုင်း အစိုးရ လုံခြုံရေး နဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောပါတယ်။

ဒီလို အခြေအနေမှာ ရန်ကုန်တိုင်း အစိုးရအနေနဲ့ ကျူးကျော်တွေ လုံးဝ ပပျောက်ဖို့ စီမံချက်ချ လုပ်ဆောင်မှုဟာ ဘယ်အတိုင်းအတာအထိ ဖြစ်နိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ