၂၁ ရာစုပင်လုံမှာ နိုင်ငံရေး၊ လုံခြုံရေးကို အဓိကဆွေးနွေးမယ်

21 Century Panglong
Image caption ညီလာခံကို ဇူလိုင်လထဲမှာ ကျင်းပနိုင်ဖို့ ရည်မှန်းထား

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ အစည်းအဝေးကို မေလ ၂၈ ရက် စနေနေ့ ညနေက နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

NCA တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနဲ့ လက်ရှိအစိုးရက ကျင်းပလိုတဲ့ ၂၁ ရာစု ပင်လုံညီလာခံဟာ တစ်ခုတည်း အတူတူပါပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တဲ့အတိုင်း ကျင်းပမယ့် ညီလာခံနာမည်ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ လို့ခေါ်ဆိုဖို့ သဘောတူခဲ့ကြပါတယ်။

အဲဒီ ညီလာခံမှာ နိုင်ငံရေးနဲ့လုံခြုံရေး ကိစ္စတွေကိုသာ အဓိက ဆွေးနွေးဖို့ ကျန်ကိစ္စတွေကိုတော့ အရပ်ဖက်အဖွဲ့အစည်း ဖိုရမ်မှာ ဆွေးနွေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အကြံပြုထားကြောင်းနိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က မူဝါဒ ပေးထားကြောင်း ညီလာခံအကြို ပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောပါတယ်။

ခေါင်းစဉ်တွေ များနေရင် အချိန်တွေ သိတ်ကြာသွားမှာ စိုးတဲ့အတွက် ဖက်ဒရယ်ကိစ္စလို အရေးကြီးတဲ့ ကိစ္စမျိုးတွေကို ဦးစားပေးဆွေးနွေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က သဘောထားပေးခဲ့တာ ဖြစ်တယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

NCA အရ အရင်ကတော့ ငြိမ်းချမ်းရေးညီလာခံမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပါအဝင် ခေါင်းစဉ်ကြီး ငါးခုနဲ့ ခေါင်းစဉ်ငယ် ၃၀ ကျော်ကို ဆွေးနွေးဖို့သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Image caption အရေးကြီးတာ အရင်ဆွေးနွေးကြဖို့ သဘောတူ

KNU အထွေထွေအတွင်းရေးမှုး ဖဒိုစောကွယ်ထူးဝင်းကတော့ ဖက်ဒရယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အခွန်အကောက်ခွဲဝေရေး၊ သယံဇာတ ခွဲဝေရေးလို ဆက်စပ်အကြောင်းအရာတွေ အများကြီး ပါနေတဲ့အတွက် တကယ်တန်း ဆွေးနွေးကြချိန်မှာ လိုအပ်သလို ထောက်ပြသွားမယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲ တက်ရောက်လာတဲ့ တပ်မတော်သားအစုအဖွဲ့က ခေါင်းဆောင်တချို့ကတော့ အခုလို့အရေးကြီးတဲ့ အချက်ကို အရင်ဆွေးနွေးတာဟာ လက်တွေ့ကျတယ်လို့ နေပြည်တော်က ဘီဘီစီ သတင်းထောက်ကို ပြောပါတယ်။

NCA စာချုပ်မှာ လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေနဲ့လည်း ဇွန်လ ပထမ အပတ်ထဲမှာ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်ပြီး သွားရောက်ဆွေးနွေးဖို့ ပြင်ဆင်ထားတယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။