တပ်မတော်နဲ့ တအာင်းတပ်ဖွဲ့ တိုက်ပွဲတွေ ထပ်ဖြစ်

ဓာတ်ပုံ မူပိုင် AP
Image caption ရှမ်းပြည်မြောက်ပိုင်း ဟိုပန်းရွာကို မီးရှို့ ဖျက်ဆီးခံရတာဟာ TNLA လက်ချက်ဆိုပြီး ကန့်ကွက်ဆန္ဒပြမှုတွေ ရှိနေ

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ရရေးအတွက် ဒေါ်အောင်ဆန်း စုကြည် ဉီးဆောင်ပြီး ၂၁ရာစု ပင်လုံ ညီလာခံ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာပဲ ရှမ်းပြည် မြောက်ပိုင်းမှာ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ မြန်မာ အစိုးရ တပ်မတော်အကြား မေလ ၂၈ ရက်က တိုက်ပွဲ ၃ကြိမ် ထပ်ဖြစ်ပွားခဲ့ပါတယ်။

ကွတ်ခိုင်မြို့နယ် ပန်လုံ ကျေးရွာနားမှာ နှစ်ကြိမ် ဖြစ်ခဲ့ပြီး ကျောက်မဲမြို့နယ် လွယ်ဆာရွာနဲ့ ပန်ခမ်းရွာ အကြားမှာ တကြိမ် ဖြစ်ခဲ့တာလို့ PSLF/TNLA တအာင်း ပလောင် တပ်ဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

TNLA တပ်ဖွဲ့ရှိရာ နယ်မြေတွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အစိုးရ တပ်မတော် ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်လာရာကနေ အခုလို ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာ ဖြစ်ကြောင်းနဲ့ တိုက်ပွဲ အပြီး ကွတ်ခိုင်မြို့နယ်တွင်းမှာ တပ်မတော်ဘက်က လက်နက်ကြီးတွေ နဲ့ ထပ်မံ ပစ်ခတ်ခဲ့ကြောင်း TNLA ပြောခွင့်ရ ပုဂ္ဂိလ် မိုင်အိုက်ကျော်က ဘီဘီစီကို ပြောပါတယ်။

တခါ TNLA နဲ့RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ်မတော် တပ်ဖွဲ့အကြား အခြေအနေတွေ တင်းမာနေပေမယ့် အခုရက်ပိုင်းမှာ တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

TNLA နဲ့RCSS/SSA အကြား တိုက်ပွဲတွေအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း ဟိုပန်ရွာ မီးရှို့ ခံရတာနဲ့ ပတ်သက်လို့ မေလ ၁၈ရက်နေ့မနက်က ကျောက်မဲမြို့မှာ ရှမ်းသံဃာတော်တွေ ဉီးဆောင်ပြီး လူထောင်နဲ့ချီ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

TNLA အဖွဲ့ကတော့ ဒီမီးရှို့မှုဟာ သူတို့ရဲ့ လက်ချက်မဟုတ်ဘူးလို့ ကြေညာချက် ထုတ်ပြန် ငြင်းဆိုထားပါတယ်။

၂၁ရာစု ပင်လုံ ညီလာခံကနေ နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်း ဆောင်ရွက်သွားမယ် ဆိုရင်တော့ ပဋိပက္ခ တိုက်ပွဲတွေ ချုပ်ငြိမ်းသွားနိုင်မယ်လို့ မျှော်လင့်ကြောင်း TNLA ပြောခွင့်ရ ပုဂ္ဂိုလ် မိုင်အိုက်ကျော်က ပြောပါတယ်။