၉၀ အမတ်များ အဖွဲ့ အခြေခံဥပဒေသစ် ရေးဆွဲမယ်

ဓာတ်ပုံ မူပိုင် Reuters
Image caption အခြေခံဥပဒေ ပြင်ဆင်ဖို့ ဆိုတာ လွှတ်တော်တွင်း မှာ မဖြစ်နိုင်ဘူးလို့ ဦးနိုင်းနိုင်းက ပြောပါတယ်

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ် တခု ရေးဆွဲမယ့် ကော်မတီ ဖွဲ့ပြီး လုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်း ထားတဲ့ ၁၉၉၀ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ MPU (1990) ကနေ ဆုံးဖြတ်ချက် တစောင် ထုတ်ပြန်ခဲ့ ပါတယ်။

မေလ ၂၇ ရက်နေ့က ကျရောက် တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ၂၆ နှစ်မြောက် နှစ်ပတ်လည် နေ့မှာ အခုလို ထုတ်ပြန် လိုက်တာပါ။

အခြေခံ ဥပဒေ ပြင်ဆင်ဖို့ ဆိုတာ လွှတ်တော်တွင်းမှာ မဖြစ် နိုင်ဘူးလို့ MPU အဖွဲ့ နာယက အဖွဲ့ဝင် ဦးနိုင်းနိုင်းက ပြောပါတယ်။ နောက်ပြီး လွန် ခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ငွေရတု ကတည်းက အခုလို ဆောင်ရွက်ဖို့ လုပ်ခဲ့တာ သူက ဆိုပါတယ်။

အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရ အနေနဲ့ ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်မှု တွေ လုပ်နေ ပေမယ့်လည်း အခြေခံ ဥပဒေ မပြင်ဆင် ဘဲနဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ မဖြစ်နိုင်ဘူးလို့ ဦးနိုင်းနိုင်းက ပြောပါတယ်။

ဒါအပြင် နိုင်ငံရေး တပ်ပေါင်းစု တခုကို လည်း ဖွဲ့စည်း သွားမယ်လို့ ကြေညာချက်မှာ ဖေါ်ပြ ထားပါတယ်။

ဒီတပ်ပေါင်းစု အနေနဲ့ ဘယ်ပါတီ ကိုမှ အတိုက်အခံ လုပ်ဖို့ မဟုတ်ဘူးလို့ လည်း သူက ပြောကြား သွားပါတယ်။