ပြည်ထောင်စုဝန်ကြီးတွေ ရခိုင်ဖွံ့ဖြိုးရေး ဆွေးနွေး

Rakhine Refugees ဓာတ်ပုံ မူပိုင် epa
Image caption အိမ်မပြန်နိုင်ကြသေးတဲ့ အိုးအိမ်စွန့် ခဲ့ကြရတဲ့ ဒုက္ခသည်တွေလည်း ရှိနေဆဲ

ပြည်ထောင်စု နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဝန်ကြီး ဦးကျော်တင့်ဆွေ အပါအဝင် ပြည်ထောင်စု ဝန်ကြီး ခြောက်ယောက်ဟာ စစ်တွေမြို့ကို ရောက်လာပြီး အစိုးရ တာဝန်ရှိသူတွေ၊ မြို့နယ် ကိုယ်စားလှယ်တွေ၊ ရပ်မိ ရပ်ဖတွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။

ရခိုင်ပြည်နယ် အရေးဆွေးနွေးပွဲကို စစ်တွေ ဒေသခံတွေ အပါအဝင် လူပေါင်း တစ်ထောင်ကျော်လောက် တက်ရောက်ခဲ့ပြီး ဒေသခံတွေက သူတို့ လိုလားချက်တွေ ကို တင်ပြခဲ့ကြပါတယ်။

ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ရခိုင်ပြည်နယ်တခုလုံးမှာ လူမှု စီးပွား ဘဝတွေ တိုးတက်အောင် လုပ်ဆောင်ပေးဖို့နဲ့ ပညာရေး၊ ကျန်းမာရေး လမ်းပမ်း ဆက်သွယ်ရေးနဲ့ သောက်သုံးရေ ရရှိရေးကို အဆောတလျင် ကူညီဆောင်ရွက်ပေးဖို့ အပါအဝင် အချက် ၂၂ ချက်ကို တင်ပြခဲ့တယ်လို့ ပြောပါတယ်။

ဝန်ကြီးတွေအနေနဲ့ သူတို့ လုပ်နိုင်တာတွေကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမယ်လို့ ကတိပေးခဲ့ပြီး လုပ်ဆောင်မပေးနိုင်တာတွေကို နိုင်ငံတော် အကြီးအကဲတွေဆီ ဆက်လက် တင်ပြသွားမယ်လို့ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် က ပြောပါတယ်။

ဆွေးနွေးပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ စစ်တွေ ဒေသခံ ဦးသန်းထွန်းက တော့ အပြောမဟုတ်ဘဲနဲ့ တကယ့်လက်တွေ့လုပ်ဖို့ လိုတယ်လို့ ထောက်ပြ ပြောဆိုပါတယ်။

ဝန်ကြီးတွေနဲ့ ဒေသခံတွေ တွေ့ဆုံပွဲမှာ မတူကွဲပြားတဲ့ လူမျိုးနှစ်ခုအကြား သဟဇာတ ဖြစ်ရေး၊ ၂၀၁၂ အဓိကရုဏ်း ဖြစ်ပွားပြီးနောက် အိုးမဲ့ အိမ်မဲ့ ဖြစ်နေသူတွေကို ပြန်လည် နေရာချထားရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ စိစစ်ရေး စတဲ့ ကိစ္စတွေ အပေါ်မှာတော့ တစ်စုံတစ်ရာ အလေးပေး ဆွေးနွေးတာ မရှိဘဲ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး ကိစ္စ တစ်ခုတည်း ပေါ်မှာဘဲ အလေးပေး ဆွေးနွေးခဲ့ကြ ပါတယ်။

ရခိုင်တိုင်းရင်းသား သမိုင်းပညာရှင် တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ အေးချမ်း ကတော့ ရခိုင်ပြည်နယ်မှာ ဆင်းရဲ မွဲတေမှု ပြဿနာကို အဓိက မဖြေရှင်းနိုင်ဘဲ ကျန်တာ ဘာတစ်ခုမှ လုပ်နိုင်မှာ မဟုတ်ကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ