ရခိုင် ၃ မြို့နယ်မှာ မွတ်ဆလင်ဦးရေ ကောက်ယူမယ်

_phang_nga_rohingya ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ငံသား စိစစ်တာ မဟုတ်ပဲ လူဦးရေ စာရင်း သက်သက်ကိုသာ ကောက်ယူမှာ ဖြစ်။

ရခိုင်ပြည်နယ်ထဲက ကျောက်ဖြူ၊ မြေပုံနဲ့ ပုဏ္ဏားကျွန်း မြို့နယ်တွေမှာ ပြည်နယ် အစိုးရက မွတ်ဆလင် လူဦးရေ စာရင်း ကောက်ယူဖို့ စီစဉ်နေပါတယ်။

နိုင်ငံသား စိစစ်တာ မဟုတ်ပဲ လူဦးရေ စာရင်း သက်သက်ကိုသာ ကောက်ယူမှာ ဖြစ်ပြီး လာမယ့် ၂ ရက် ၃ ရက် အတွင်း အပြီး ဆောင်ရွက် သွားမယ်လို့ ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရ ဖြစ်တဲ့ ပြည်နယ် စည်ပင်ဝန်ကြီး ဦးမင်းအောင်က ဘီဘီစီကို ပြောပါတယ်။

ဒါဟာ ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ခံ ခဲ့တုန်းက ဘင်္ဂလီနဲ့ ရိုဟင်ဂျာ အမည် သုံးစွဲမှုနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေကြောင့် သန်းခေါင် စာရင်း မကောက်ခံပဲ ချန်လှပ် ထားခဲ့ရတဲ့ နေရာတွေမှာ အခု ပြန်လည် ကောက်ယူတာ ဖြစ်ပါတယ်။

ဒီလို လူဦးရေ စာရင်း ကောက်ခံမယ့် မြို့နယ် ၃ ခုမှာ လုံခြုံရေး တင်းကြပ်လိုက်ပြီး ရဲ တပ်ဖွဲ့ဝင်တွေ ရာနဲ့ချီ ချထား လိုက်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ပြည်ထောင်စု အစိုးရက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ ဆိုပြီး မေလ အကုန်ပိုင်းမှာ ဖွဲ့စည်း ခဲ့အပြီး ရခိုင်ပြည်နယ် အတွင်း လုပ်ငန်း တချို့ကို အပူတပြင်း ဆောင်ရွက် လုပ်ကိုင်လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ