၂၁ရာစု ပင်လုံ ကျင်းပရေး ကော်မတီဝင်တွေနဲ့ ဝတပ် UWSA တွေ့ဖို့ရှိ

_uwsa_pangseng-wa ဓာတ်ပုံ မူပိုင် AFP
Image caption ပန်ဆန်းမှာ တိုင်းရင်းသား အဖွဲ့တွေ တွေ့ဆုံခဲ့စဉ်။

၂၁ ရာစု ပင်လုံ ညီလာခံ အကြို ပြင်ဆင်ရေး ကော်မတီဝင်တွေနဲ့ ဝလက်နက်ကိုင် UWSA အကြား လာမယ့် ရက်ပိုင်းထဲ တွေ့ဆုံဖို့ ရှိနေပါတယ်။

ဝ ဌာနချုပ် ပန်ဆန်းမှာ ရာသီဥတု သိပ်မကောင်းလို့ တွေ့မယ် ဆိုရင် မိုင်းလားမှာ တွေ့ကြဖို့ UWSA ဘက်က ဆန္ဒ ရှိတယ် ဆိုပြီး UWSA ရဲ့ ပြင်ပ ဆက်ဆံရေး ဌာနကြီးမှူး ဦးကျောက်ကော်အန်း က ဘီဘီစီကို ပြောပါတယ်။

တွေ့ဆုံ ကြတဲ့ အခါ UWSA ဘက်က ဘာတွေ ဆွေးနွေး သွားမှာလဲ ဆိုတာကို ထုတ်မပြော ပေမယ့် အခု ဆွေးနွေးပွဲရဲ့ ရလာဒ် အပေါ် မူတည်ပြီး အစိုးရက ကျင်းပမယ် ဆိုတဲ့ ငြိမ်းချမ်းရေး ညီလာခံကို တက်ဖို့ မတက်ဖို့ စဉ်းစားမယ် လို့လည်း ဦးကျောက်ကော်အန်း က ဆိုပါတယ်။

အားလုံး ပါဝင်တဲ့ ညီလာခံ ဖြစ်ဖို့ UWSA အနေနဲ့ လိုလားပြီး၊ တိုင်းရင်းသား တစ်ဖွဲ့ဖွဲ့ ကျန်နေရင် တနိုင်ငံလုံး အတိုင်းအတာ ငြိမ်းချမ်းရေးလို့ မခေါ်နိုင်ဘူးလို့ UWSA ရဲ့ သဘောထားကို ဦးကျောက်ကော်အန်း က ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင် ဖွဲ့ထားတဲ့ အစိုးရသစ်သာ တနိုင်ငံလုံး အပစ်အခတ် ရပ်ရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စတွေ ဆောင်ရွက်မယ် ဆိုရင် UWSA က အပြည့်အဝ ထောက်ခံမှု ပေးမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ