စစ်ကိုင်းတိုင်းအတွင်း ရေကြီးရေလျှံ

ဓာတ်ပုံ မူပိုင် MOI
Image caption ပင်လည်ဘူးမြို့မှာ မိုးကြီးပြီးရေကြီးရေလျှံ

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်၊ကောလင်း၊ဝန်းသိုနဲ့ပင်လည်ဘူး မြို့တွေမှာ ဗုဒ္ဓဟူးနေ့ညက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ကျချောင်းရေတွေလျှံလာတာကြောင့် မြို့ပေါ်ရပ်ကွက်များနှင့်မြေနိမ့်ပိုင်းကျေးရွာတွေမှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီလို ရေကြီးရေလျှံမှုကြောင့် လူသေဆုံးမှုတွေရှိပြီး ပျက်စီးဆုံးရှုံးမှုတွေလည်းရှိတယ်လို့ သိရပါတယ်။

ကောလင်းမြို့မှာ တမြို့လုံးရေလွှမ်းခံခဲ့ရပြီး ကောလင်မြို့သမိုင်းမှာ အဆိုးဆုံးရေကြီးမှုလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ ကောလင်းဖွံ့ဖြိုးမှု ပရဟိတ ကွန်ယက်ရဲ့ အပြောအရ ကောလင်းနဲ့ ဝန်းသိုကြားမှာ ရေစီးနဲမျောပါလာတဲ ပိုင်ရှင်မဲ့ အလောင်း ၂လောင်းတွေ့တယ် ဆိုပါတယ်။

ပင်လည်ဘူး မြေလင်းဒေသမှာ လည်း လူ ၂ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကောလင်းမှာ ကြာသပတေးနေ့လယ်ပိုင်းမှာရေကျစပြု နေပေမဲ့အိမ်ထောင်စု ၄၀၀၀ လောက်ဟာ ရေဘေးဒဏ်ကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

သောက်သုံးရေ အခက်အခဲ စတင်ကြုံတွေ့နေရပြီးတော့ ရေတက်နှုန်းမြန်ဆန်တာကြောင့် မနှစ်ကထက် ဆုံးရှုံးမှု ပို များတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ကောလင်းမြို့ဟာ မနှစ်ကဇူလိုင်လအတွင်းကလည်း ရေကြီးတဲ့ဒဏ်ခံခဲ့ရ ပြီး အခုဒီနှစ်ရေကြီးတာဟာ အရင်နှစ်တွေထက်ပိုဆိုးတယ်လို့လည်း ဒေသခံ တွေကပြောပါတယ်။

ကောလင်း၊ဝန်းသိုနဲ့ပင်လည်ဘူး မြို့တွေမှာအခုလို တောင်ကျချောင်းရေတွေ တဟုန်ထိုးဆင်းပြီး ရေကြီးလာတာဟာ ရေကိုထိန်းသိမ်းထားနိုင်တဲ့ သစ်တောတွေ နည်းပါးလာတာကြောင့်လို့ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ပြောပါတယ်။

ကောလင်းမှာ လူနေအိမ်တချို့ပြိုကျပျက်စီးတာတွေရှိခဲ့ပြီး မန္တလေး မြစ်ကြီးနားရထားလမ်းရေကျော်နေတာကြောင့် အမှတ် ၅၈ အစုန် ရထား ဝန်းသိုဘူတာမှာရပ်နားထား ရပါတယ်။

ဝန်းသို ပင်လယ်ဘူး ကြား ကားလမ်း ပေါ်မှာ တံတားတချို့ ရေတိုက်စားတာကြောင့် ပျက်စီးခဲ့ပြီး ကားပြေးဆွဲတာတွေကို ရပ်နားထားခဲ့ရတယ်လို့ သိရပါတယ်။