ကချင် တကြော့ပြန်စစ် ၅ နှစ်ပြည့်

Kachin IDP ဓာတ်ပုံ မူပိုင် AFP
Image caption စစ်ပွဲတွေကြောင့် ဒုက္ခသည် စခန်းရောက် ကလေး တွေရဲ့ အနာဂတ်ပျောက်ဆုံးနေ

ကချင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ငါးနှစ် ဇွန်လ ၉ ရက်နေ့က တကြော့ပြန် စစ်ပွဲတွေ စတင်ဖြစ်ခဲ့ပါတယ်။

ငါးနှစ်ကြာကာလ အတွင်းမှာ စစ်ဘေးသင့် ပြည်သူတွေရဲ့ နစ်နာမှုတွေ၊ ဒုက္ခတွေကို ထုတ်ဖော်ပြီး စစ်ပွဲတွေရပ်တန့်ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေကို ဒုက္ခသည် စခန်းတွေရှိတဲ့ ကချင်ပြည်နယ်က မြို့တွေနဲ့ ရှမ်းပြည်နယ်က မြို့တွေ အပြင် ရန်ကုန်မှာလည်း ကျင်းပခဲ့ကြပါတယ်။

ဒုက္ခသည် စခန်းတွေကို သွားရောက် ကူညီနေတဲ့ လူမှု အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လူငယ်တွေက အဲဒီလှုပ်ရှားမှုတွေကို စီစဉ်တာ ဖြစ်ပြီး ပြည်တွင်းမှာ တိုက်ပွဲ တွေကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးကြရသူ IDP တွေ ကိုယ်တိုင် ပါဝင်ခဲ့ကြပါတယ်။

စစ်ပွဲတွေ ရပ်တန့်ဖို့၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့နဲ့ ဒုက္ခသည်စခန်းက ကလေးငယ်တွေ အနာဂတ်ကင်းမဲ့နေရတာတွေကို ဝိုင်းဝန်း ကူညီကြဖို့ လည်း တောင်းဆို ခဲ့ကြပါတယ်။

တကြော့ပြန် စစ်ပွဲတွေ ပြန်ဖြစ်ကတည်းက စတင်ပြီး အခုချိန်ထိ ဝိုင်းမော်မြို့နယ်က ဒုက္ခသည် စခန်းမှာ နေထိုင်နေရတဲ့ ဦးဘရန်အောင်ကတော့ ကိုယ့်အိမ် ကိုယ်ပြန်ချင် လှပြီလို့ ဘီဘီစီကို ပြောပါတယ်။

မိသားစုတွေ ခိုနေတဲ့ နေရာမှာ လက်နက်ကြီး ကျခဲ့တာကြောင့် ကြောက်လန့်ပြီး ထွက်ပြေးခဲ့ပြီးတဲ့နောက် သူ့မိသားစု ၇ ယောက်စလုံး ဒုက္ခသည်စခန်းမှာပဲ အခုချိန်ထိ နေကြရတယ်လို့ သူက ပြောပါတယ်။

သားသမီးတွေရဲ့ ရှေ့ရေး၊ ပညာရေးနဲ့ သူတို့ကို ပြုစုပျိုးထောင်ပေးရေးတို့ မလုပ်နိုင်တဲ့ အတွက် ဝမ်းနည်းတယ်လို့လည်း သူက ပြောပါတယ်။

အရပ်သားတွေရဲ့ ကျေးရွာတွေမှာ တပ်မတော် စစ်ကြောင်းတွေ ရှိနေသေးလို့ တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်သေးတဲ့ အခြေအနေ၊ နယ်မြေလုံခြုံရေးစိုးရိမ်မှု၊ မိုင်း အန္တရာယ် စိုးရိမ်မှုတွေကြောင့် ကိုယ့်အိမ်ကိုယ် ပြန်နေဖို့ မဖြစ်နိုင်ဘူးလို့ ဦးဘရန်အောင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ