ပြည်တွင်းဒုက္ခသည်တွေ အတွက် အိမ်ယာ အဆင်သင့် ဖြစ်တော့မယ်

Image caption မစ္စတာ ရှီဂဲရူ ဆာတို ( Mr Shigeru Sato ) ကရင် တာဝန်ရှိသူများ နဲ့ ဆွေးနွေး

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်ထဲက ပြည်တွင်းဒုက္ခသည် (IDP) တွေကို ပြန်လည် နေရာချ ထားပေးဖို့အသင့်ဖြစ်နိုင်မယ့်လို့အလှူရှင် ဂျပန်နိုင်ငံ နိပွန် ဖေါင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ရှီဂဲရူ ဆာတို ( Mr Shigeru Sato ) နဲ့ တွေ့ဆုံခဲ့ကြတဲ့ ကရင် ငြိမ်းချမ်းရေး အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်း က ထာ့ဆောင်းယန်မြို့နဲ့မျက်နှာချင်းဆိုင် မြန်မာဖက်မှာ (၂) နေရာ၊ မဲ့လမတ်မြို့တဖက်ခြမ်းမှာ (၂) နေရာ၊ မြဝတီမြို့တောင်ဖက် လေးကေ့ကော် မှာ (၁) နေရာနဲ့ ဘုရားသုံးဆူဖက်မှာ (၁)နေရာ စုစုပေါင်း (၆) နေရာမှာ ပြည်တွင်း ဒုက္ခသည် (IDP) တွေကို ပြန်လည်နေရာချထားပေးဖို့ အိုးအိမ် ကုန်ကျစရိတ်ကို နိပွန် ဖေါင်ဒေးရှင်း က ပေးလှူ ထားပါတယ်။

ဆောက်လုပ်နေတဲ့ အိမ် အရေအတွက်နဲ့ ကုန်ကျစားရိတ် တန်ဖိုးတွေကို အလှူရှင်နဲ့ လက်ခံသူတွေ ဘက်က ထုတ်ဖေါ်ပြောတာ မရှိပေမယ့် လေးကေ့ကော်မှာ အိမ်ခြေ ၅၀၀ ဆောက်လုပ်ပြီးစီးနေပါပြီ။

မြေနီလမ်း ဓါတ်တိုင်၊ မီးကြိုးတွေ သွယ်တန်းပြီးစီးနေပြီး၊ သောက်သုံးရေနဲ့ ပတ်သက်ပြီး အနီးအနားက တောင်ကျရေကိုသွယ်တန်းထားတယ်လို့ KNU လုံခြုံရေး အရာရှိတယောက် က ပြောပါတယ်။

ကျန်တဲ့နေရာတွေမှာလည်း ၄၀ ရာခိုင်နှုန်း လောက်ပြီးစီး နေပြီး၊ လာမယ့်ခြောက်သွေ့ရာသီမှာအပြီး သတ် နိုင်တယ်လို့ ငြိမ်းချမ်းရေး လက်မှတ်ရေး ထိုးထားတဲ့ ကရင်လူမျိုးစု လက်နက်အဖွဲ့ ကပြော ပါတယ်။

ဇွန်လ ၉ ရက်နေ့ ကနေ ၁၄ ရက်နေ့ အထိ နိပွန်ဖေါင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ရှီဂဲရူ ဆာတို ( Mr Shigeru Sato ) ဟာ ဒုက္ခသည်တွေကို နေရာချထား ပေးမယ့် နေရာ ၆ နေရာ စလုံးကို ကိုယ်တိုင် သွားရောက်ပြီး တာဝန်ရှိ သူတွေနဲ့ ပြီးစီးမှု အခြေ အနေ ကို ဆွေးနွေးမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ