ထိုင်းနယ်စပ်က ဒုက္ခသည်တွေ နေရပ် ပြန်ရေး အစီအစဉ်

Refugees in Thailand ဓာတ်ပုံ မူပိုင် Getty
Image caption ထိုင်းနိုင်ငံ မြန်မာ ဒုက္ခသည်တချို့က ကိုယ့်နေရပ် ကိုသာ ပြန်လို

မြန်မာနဲ့ ထိုင်းနယ်စပ်မှာ ရှိတဲ့ မြန်မာနိုင်ငံသား စစ်ပြေး ဒုက္ခသည်စခန်း သုံး ခုက ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ ကရင်ပြည်နယ် ဘားအံမြို့မှာ ထိုင်းနဲ့မြန်မာဆိုင်ရာ ကမ္ဘာ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး UNHCR က တာဝန်ရှိသူတွေ ဇွန်လ ၁၆ ရက်နေ့က စတင်ညှိုနှိုင်း ဆွေးနွေး နေပါတယ်။

နေရပ်ရင်း ပြန့်ပို့ဖို့အစီအစဉ် လုပ်မယ့် ဒုက္ခသည် စခန်းတွေကတော့ ထိုင်းနိုင်ငံ တာခ်ခရိုင် ထဲက မဲ့လ၊ အုန်းပြန့်နဲ့ နို့ဖိုး ဒုက္ခသည်စခန်းတို့ ဖြစ်ပါတယ် ။

မဲဆောက်အခြေစိုက် UNHCR တာဝန်ခံ မစ္စတာ အီယန် ဟောလ်နဲ့ ဘားအံအခြေစိုက် UNHCR တာဝန်ခံ မစ္စယိုကို အာကာဆာကာ တို့က ကိုယ့်ဆန္ဒအရ ပြန်ကြမယ့် သူတွေ အတွက်ယာယီ လက်ခံရေး စခန်းတည်ဆောက်ပေးနေတဲ့ IOM က ဒုက္ခသည်တွေ ရွှေ့ပြောင်းအခြေချ ပေးတဲ့အဖွဲ့နဲ့ ညှိုနှိုင်းဆွေး နွေးကြပြီးနောက် ဒုက္ခသည်တွေ ပြန်ကြမယ့် လမ်းကြောင်း အခြေအနေကိုလည်း ဆွေးနွေးကြမယ်လို့ ထိုင်းနယ်စပ်က လုံခြုံရေးအရာရှိ တစ်ယောက်က ပြောပါတယ်။

မြန်မာနိုင်ငံကို ကိုယ့်ဆန္ဒ အရ ပြန်မယ့်သူတွေထဲမှာ မြန်မာ နိုင်ငံ နယ်စပ် တဝိုက် ပြန်လည် နေရာချထားပေး တဲ့နေရာတွေမှာ နေလိုသူတွေရှိသလို ဘားအံ၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းနဲ့ တခြားဒေသတွေလို သူတို့ရဲ့မွေးရပ်မြေကိုသာ ပြန်လိုသူတွေ ရှိတယ်လို့ UNHCR အရာရှိက ပြောပါတယ်။

မွေးရပ်မြေပြန်မယ့် သူတွေကို မဲဆောက် UNHCR စားရိတ်နဲ့ အသေးသုံးငွေ တချို့ ထုတ်ပေးပြီး သူတို့ မိသားစု နေထိုင် စားသောက်ရေး၊ ပညာရေးနဲ့ ကျန်းမာရေးတို့ အတွက် ပြည်တွင်းက NGOအဖွဲ့တွေနဲ့ သူတို့ ကိုယ်တိုင် ဆက်သွယ် အကူအညီ ရယူရမှာ ဖြစ်ပါတယ်။

နယ်စပ်တဝိုက် ပြန်လည် ချထား ပေးတဲ့နေရာတွေမှာ နေလိုသူတွေကတော့ အဲဒီက NGOနဲ့ ဒေသခံ အဖွဲ့တွေက လိုအပ်တာတွေ အားလုံး စီစဉ်ပေးမှာပါ။

မြန်မာနိုင်ငံကို ပြန်လို့မဖြစ်ဘူးဆိုသူ တွေကခိုင်လုံတဲ့ အကြောင်းပြနိုင်ရင် UNHCR စောင့်ရှောက်မှုကို ရမှာ ဖြစ်ပြီး တတိယ နိုင်ငံတွေကို သွားရောက် အခြေချနိုင်လိမ့်မယ်လို့ UNHCR တာဝန်ရှိသူက ပြောပါတယ်။

ဒါပေမဲ့ ဘယ်တော့ ဒီအစီအစဉ်စပြီး ဘယ်တော့ နေရပ် ပြန်ပို့မယ် ဆိုတာကိုတော့ UNHCR ရော ထိုင်းနိုင်ငံဘက်ကပါ ထုတ်ဖော် မပြောသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ