ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ NLD ရုံးချုပ်သစ်ဖွင့်

nld headquarters
Image caption ရန်ကုန် ရွှေဂုံတိုင်က NLD ရုံးချုပ်သစ်

ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၇၁)နှစ်မြောက် မွေးနေ့ပွဲနဲ့ တိုက်ဆိုင်ပြီး ရန်ကုန်မြို့ ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရုံးချုပ်သစ်ဖွင့်ပွဲကို ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

NLD ပါတီရဲ့ ရုံးချုပ်သစ်ဟာ အရင် ရုံးချုပ်ဟောင်းဘေးမှာ အသစ်ဆောက်လုပ်ထားတဲ့ အထပ် (၆)ထပ်ရှိတဲ့ အဆောက်အအုံကြီး ဖြစ်ပါတယ်။ ဒီရုံးချုပ်သစ်ကို ပါတီကရရှိတဲ့ လှူဒါန်းငွေတွေနဲ့ တစ်နှစ်ကျော်ကြာ ဆောက်လုပ်ခဲ့ပြီး သိန်း (၆)ထောင်ကျော် ကုန်ကျတယ်လို့ ပါတီရုံးချုပ်သစ်ဆောက်လုပ်ရေးမှာ ဘဏ္ဍာရေးတာဝန်မှူး ယူထားတဲ့ ဦးစောလှိုင်က ပြောပါတယ်။

အရင် ရုံးချုပ်ဟောင်းကတော့ ငှားရမ်းထားခဲ့တာဖြစ်ပြီး အခုတော့ မူလပိုင်ရှင်တွေကို ပြန်အပ်နှံခဲ့ပါတယ်။

အခုရုံးချုပ်သစ်ဟာ ပါတီပိုင် အဆောက်အဦးဖြစ်ပြီး ဒီရုံးချုပ်မှာ ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေနဲ့ ပါတီရဲ့ ရေးရာကော်မတီတွေ ရုံးထိုင်ကြမှာ ဖြစ်ပါတယ်။

ပါတီ လူငယ်ရေးရာရာ ကော်မတီ အဖွဲ့ဝင် ကိုရဲဝေဖြိုးက ဒီရုံးချုပ်ရဲ့ ပါတီတံဆိပ်အောက်မှာ ဒီမိုကရေစီရေးအတွက် လူအများအပြားဟာ ဘဝတွေ၊ အသက်သွေးချွေးတို့နဲ့ ရင်းနှီးခဲ့ကြရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ရုံးချုပ်မှာကျင်းပမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲနဲ့ ပါတီရုံးချုပ်သစ်ဖွင့်ပွဲကို ပါတီနာယက ဦးတင်ဦး မိန့်ခွန်းပြောမှာဖြစ်ပြီး တိုင်းနဲ့နယ်ပြည်နယ်အသီးသီးက NLD လွှတ်တော်အမတ်တွေနဲ့ ဗဟိုလူငယ်အဖွဲ့တွေ၊ ပါတီဝင်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဒါပေမယ့် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ကတော့ တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ