၁၃ကြိမ်မြောက် ငြိမ်းချမ်းရေး ဖိုရမ် ပြီးဆုံး

ဓာတ်ပုံ မူပိုင် Kantarawaddy Times Photo
Image caption ကယားက အရပ်ဖက် အဖွဲ့အစည်းတခုရဲ့ ဆွေးနွေးပွဲ

ရန်ကုန်မှာ ကျင်းပခဲ့တဲ့ ၁၃ ကြိမ်မြောက် အရပ်ဖက် လူ့အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေး ဖိုရမ်ဟာ မနေ့က စတင် ကျင်းပခဲ့တာဖြစ်ပြီး ဒီနေ့ ဇွန်လ ၂၂ ရက်နေ့မှာ ပြီးဆုံးသွားခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို တိုင်းနဲ့ ပြည်နယ် အသီးသီးက အရပ်ဖက် အဖွဲ့အစည်း ငါးဆယ်လောက်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပချိန်နဲ့ တပြိုင်တည်း ပြုလုပ်မယ့် အရပ်ဖက် အဖွဲ့အစည်းများ ဖိုရမ်ကို ကျင်းပနိုင်ဖို့ အကြိုပြင်ဆင်တဲ့ အနေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ ဆွေးနွေးကြတာ ဖြစ်ပါတယ်။

ဒီဖိုရမ်ကို အနယ်နယ် အရပ်ရပ်မှာ ကျင်းပမယ့် စည်းမျဉ်းစည်းကမ်း တွေနဲ့ ပါ၀င်မယ့် အရပ်ဖက် အဖွဲ့တွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ ဖိုရမ်ရဲ့ အလုပ် ကော်မတီ အဖွဲ့၀င် ကိုသွင်လင်းအောင်က ပြောပါတယ်။

အစိုးရသစ် အနေနဲ့ ၂၁ ရာစု ပင်လုံ ညီလာခံကို ဇူလိုင်လကုန် သြဂုတ်လဆန်းမှာ ကျင်းပဖို့ ရှိနေပြီး ညီလာခံမှာ လုံခြုံရေးနဲ့ နိုင်ငံရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးမှာ ဖြစ်တယ်။

ဒါ့အပြင် လူမှုရေး ၊ စီးပွားရေး ၊ သဘာ၀ ပတ်၀န်းကျင်နဲ့ မြေယာ ကိစ္စတွေ ထည့်သွင်း ပြောဆို ကြမှာ ဖြစ်ပြီး တနိုင်ငံလုံးမှာ ရှိတဲ့ ပြည်နယ်နဲ့ တိုင်း ကိုယ်စားပြု အရပ်ဖက် အဖွဲ့တွေ အားလုံး ပါ၀င်နိုင်အောင် ဆောင်ရွက်သွားမယ်လို့ သူက ဆိုပါတယ်။

အခု အရပ်ဖက် အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး ဖိုရမ်မှာ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သုံးသပ် ဆွေးနွေးတာတွေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အရေးကြီးတဲ့ ကဏ္ဍတွေကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ တင်ပြဖို့ ရှိတဲ့ အကြောင်းတွေကိုလည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်နယ်နဲ့ တိုင်းဒေသကြီး အဆင့် လက်ရှိ ငြိမ်းချမ်းရေး အခြေအနေတွေနဲ့ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေး ကော်မတီရဲ့ လုပ်ဆောင်တာတွေကို ငြိမ်းချမ်းရေး ဖော်ဆောင် နေတဲ့ ကော်မတီတွေ ၊ သူတို့ရဲ့ ခေါင်းဆောင်တာတွေနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားတာတွေ ရှိခဲ့ပါတယ်။