ဒေါ်အောင်ဆန်းစုကြည် ခရီးကြောင့် မြန်မာလုပ်သားတွေ အခွင့်အရေး တိုးတက်ဖို့ မျှော်လင့်နေ

_thia_dassk_myanmar_workers_
Image caption မြန်မာ လုပ်သားတွေ အရေး အပါအဝင် နှစ်နိုင်ငံကြား နားလည်မှု စာချုပ်တွေ ချုပ်ဆိုဖို့ ရှိနေ။

ထိုင်းနိုင်ငံ မဟာချိုင်မှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမား တွေနဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ခဲ့တဲ့ နောက်ဆက်တွဲ ရလာဒ် အနေနဲ့ အလုပ်သမား အခွင့်အရေး တချို့ ပိုမို ကောင်းမွန် လာဖို့ အလုပ်သမားတွေ မျှော်လင့် နေပါတယ်။

ဘန်ကောက်မြို့ တောင်ပိုင်း မဟာချိုင် အရပ်မှာ ထိုင်း အစိုးရရဲ့ အစီအစဉ်နဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမား တချို့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဇွန်လ ၂၃ ရက် ကြာသပတေးနေ့က တွေ့ဆုံ ခဲ့ကြတာ ဖြစ်ပါတယ်။

ထိုင်း အာဏာပိုင်တွေ ရွေးချယ် ပေးတဲ့ စက်ရုံလုပ်သား ရာဂဏာန်း တချို့ပဲ ပွဲ ကျင်းပရာ တလေး ထိုင်းစျေး ခန်းမ ထဲ ဝင်ရောက် ခွင့် ရခဲ့ပြီး၊ ခန်းမ အဆောက်အဦ အနီးမှာတော့ မြန်မာ အလုပ်သမား ထောင်ပေါင်းများစွာ ကျန်ရစ် ခဲ့ကြရပါတယ်။

တွေ့ဆုံပွဲဟာ နာရီဝက် လောက်ပဲ ကြာမြင့်ခဲ့ပြီး ထိုင်း ဥပဒေနဲ့ အညီ လုပ်ခ လစာ အပြည့်အဝ ရရှိ နိုင်ရေး အပါအဝင် မြန်မာ အလုပ်သမား အခွင့်အရေးတွေ အတွက် ထိုင်း အာဏာပိုင်တွေ နဲ့အကြား ဆွေးနွေး ပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ် ဆိုပြီး ကိုယ်တိုင် ရှိနေခဲ့တဲ့ မြန်မာ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ ကိုမင်းဦး က ဘီဘီစီကို ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ၃ ရက်ကြာ နေမှာ ဖြစ်ပြီး ဒုတိယမြောက်နေ့ သောကြာ နေ့မှာတော့ မြန်မာ လုပ်သားတွေ အရေး အပါအဝင် နှစ်နိုင်ငံကြား နားလည်မှု စာချုပ်တွေ ချုပ်ဆိုဖို့ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ